ပဲခူး မေ ၈

 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မင်းလှမြို့၊ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမြှော် ကြည်ညိုသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလ ဗုဒ္ဓိမဟာထေရ်မြတ်ထံမှ ငါးပါးသီးလ ခံယူဆောက်တည်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြွရောက်လာသည့် ဆရာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်ကာ အန္တိမအဂ္ဂိ ဈာပနပွဲတော်အတွက် အလှူငွေကျပ် သိန်း(၁၀၀) ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကုဏ္ဍလမဟာထေရ် မြတ်ကြီး၏ ရုပ်ကလပ်တော်အား ကတီပါခြုံထည် လွှမ်းခြုံကပ်လှူ ပူဇော်ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မင်းလှမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်သည်။

 

mdn

 

မွန်းလွဲပိုင်းတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမသို့ ရောက်ရှိရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌက  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို  ရှင်းလင်းတင်ပြရာ လိုအပ်သည်များ မှာကြားပြီး မိုးလုံလေလုံ အားကစားခန်းမ တည်ဆောက် ပြီးစီးမှုနှင့်လက်ပံတန်း-မိုးညို - နတ်တလင်း လမ်းကွန်ကရစ် ခင်းနေမှုကိုကြည့်ရှုစစ်ဆေးသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆင်မနိုင်ကျေးရွာ တိုက်နယ် ဆေးရုံကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်