မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၅၃ ဦး ထပ်မံတွေ့ရှိ


ကွာလာလမ်ပူ မေ ၉

မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၅၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၅၆၇၃၆ ဦးရှိလာကြောင်း  မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၂၁၅၁ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် နှစ်ဦးသည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့်အချက်အလက်များအရ သိရသည်။

ထို့ပြင် မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူလေးဦး ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၃၅၅၈၃ ဦးရှိလာကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၂၈၆၉ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၄၄၀၀၇၅၀ ဦး ရှိလာကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲလူနာ စုစုပေါင်း ၂၂၅၅၆ ဦးရှိ ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၈၅ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း၊ ၈၂ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၄၉ ဒသမ ၁ ရာခိုင်နှုန်းသည် တတိယအကြိမ် အပိုဆောင်း ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။  

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်