မိုးမိတ် မေ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၁၄၇ ကျပ်သန်းအသုံးပြု၍ ကျေးရွာနှစ်ရွာ၌ ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ဖောက်လုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
မိုးမိတ်မြို့နယ်အတွင်းရှိ ဘော်ဒေကျေးရွာ၌ ကုန်ထုတ်လမ်း ၁ ဒသမ ၃ မိုင်ဖောက်လုပ်ခြင်းနှင့် BoxCulvert နှစ်စင်းတည်ဆောက်ခြင်း၊ မန်ကျည်းပင်ကျေးရွာ၌ ကုန်ထုတ်လမ်း ၁ မိုင်ဖောက်လုပ်ခြင်းနှင့် Box Culvert တစ်စင်းတည်ဆောက်ခြင်း၊ Slab Culvert တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ၁၄၇ ကျပ်သန်းအသုံးပြု၍ ဖောက်လုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ပြောပြသည်။
အဆိုပါကျေးရွာနှစ်ရွာ၌ ကျေးလက်ကုန်ထုတ်လမ်း တံတားလုပ်ငန်းများ ဖောက်လုပ်ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာနှစ်ရွာ အပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာခုနစ်ရွာတို့၏ အိမ်ခြေ ၁၂၁၉ အိမ်၊ လူဦးရေ ၅၆၂၄ ဦးတို့၏ ကျေးလက်လယ်ယာ ထုတ်ကုန်ဧက ၁၂၉၄ ကျော်တို့၏ လယ်ယာထုတ်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်မှာဖြစ်သကဲ့သို့ ဒေသခံပြည်သူများ၏ လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးများ ကောင်းမွန်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ဆက်လက်ပြောပြသည်။
စိုးမိုးကျော်