နေပြည်တော်၊ မေ ၁၀

 

ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၏ (၄၁)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ပရဝုဏ် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်၊ ဂန္ဓကုဋိကျောင်းဆောင်၊ အဘိသန္န ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရန်အောင်မြင်ကျောင်းတိုက် ပဓာနနယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးနှင့် ဌာနမှူးများ၊ အလှူရှင်ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရန်အောင်မြင်ကျောင်းတိုက် ပဓာနနယကဆရာတော် ဘဒ္ဒန္တစန္ဒိမာ မထေရ်မြတ်ထံမှ ဒုတိယမြို့တော်ဝန် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းအိုးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ဆရာတော်ဘဒ္ဒန္တစန္ဒိမာ မထေရ်မြတ်ထံမှ ဒုတိယမြို့တော်ဝန် အမှူးပြုသော ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဒနာတရားနာကြား၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားရုပ်သိမ်းပြီး အလှည့်ကျ ပဌာနဘာဏကသံဃာတော်မှ မဟာပဋ္ဌာန်းဒေသနာတော်ကြီးအား စတင်ရွတ်ဖတ်ပူဇော်သည်။ ပဋ္ဌာန်းပူဇော်ပွဲကို မေ ၁၄ ရက်အထိ (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

သတင်းစဉ်