နေပြည်တော် မေ ၁၂
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် မေ ၉ ရက်နှင့် ၁၀ ရက်တို့တွင် တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းနှင့် ညောင်ရွှေအကျဉ်းထောင်ကို လည်းကောင်း၊ မေ ၁၁ ရက်တွင် ရပ်စောက်မြို့နယ်ရှိ ဘန်းကန်နှင့်ထီးခမ်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများကို လည်းကောင်း၊ မေ ၁၂ ရက်တွင် တောင်ကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းအချုပ်ခန်း၊ နယ်မြေရဲစခန်း အချုပ်ခန်းနှင့် တောင်ကြီးအချုပ်ထောင်တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
အကျဉ်းထောင်၊ အချုပ်ထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းသား/အချုပ်သားများ ကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား/အချုပ်သားတစ်ဦး၏ အနိမ့်ဆုံး ရရှိမည့်အခွင့်အရေး ဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ထောင်ဝင်စာပစ္စည်း စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စိုက်/ မွေးစခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်း သား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ထောင်တွင်းဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သောက်ရေနှင့်သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကို လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စိုက်/မွေးစခန်းများရှိ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စု စာအုပ်များနှင့် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ (၇၀၀) အုပ်တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ တာဝန်ခံ အရာရှိများမှ လက်ခံရယူသည်။
ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)