နေပြည်တော် မေ ၁၂
(၅)ကြိမ်မြောက် အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှု အရည်အချင်း ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံဆင်းရဲမှု ပပျောက်ရေးကော်မရှင်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံမှ ဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ (၅)ကြိမ်မြောက်အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှု အရည်အချင်း ဆုပေးပွဲအခမ်းအနားကို အာဆီယံနိုင်ငံများရှိ NGO/CSO များနှင့် Private Sectors များမှ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေးအခန်းကဏ္ဍများတွင် ထိရောက်အောင် မြင်စွာဆောင်ရွက်နိုင်မှုများအား အသိအမှတ် ပြုရန်နှင့် အစိုးရ-ပုဂ္ဂလိက-ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တိုးတက်မြင့်မားလာ စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် အာဆီယံဒုတိယအတွင်းရေးမှူးချုပ် His Excellency EKKAPHAB PHANTAVONG နှင့် ဖိလစ်ပိုင်နိုင်ငံ ဆင်းရဲမှုပပျောက်ရေးကော်မရှင်မှ Lead Convener His Excellency NOEL K. FELONGCO တို့က အဖွင့်အမှာစကားပြောကြားကြပြီး အာဆီယံနိုင်ငံ အသီးသီးမှ ဆုရရှိသော NGO/CSO များနှင့် Private Sectors များက ၎င်းတို့၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
မြန်မာနိုင်ငံမှ ပုဂ္ဂလိကကဏ္ဍအနေဖြင့် ဆုရရှိသည့် Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့ကလည်း ကျေးလက်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးဆိုင်ရာ ခေါင်းဆောင်မှုအရည်အချင်းဆုများအား အသီးသီးလက်ခံ ရယူကြသည်။
ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဂုဏ်ပြုစကားပြောကြားရာတွင် ခေါင်းဆောင်မှုအရည်အချင်းဆုရရှိသည့် အာဆီယံ နိုင်ငံအသီးသီးမှ NGO/CSO များနှင့် Private Sectors များအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံမှ ဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီ တို့ကိုလည်း ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ ယခုလိုဆုရရှိခြင်းဟာ တစ်ဦးတည်းတစ်ဖွဲ့တည်း၏ ဆောင်ရွက်ချက်ကြောင့်မဟုတ်ဘဲ သက်ဆိုင်သူအားလုံးပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ဆုရရှိသောအဖွဲ့အစည်းများအနေဖြင့်လည်း မိမိသက်ဆိုင်ရာနိုင်ငံအသီးသီးနှင့် အာဆီယံ ဒေသတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေးလုပ်ငန်း များတွင် ယခုထက်ပို၍ အစွမ်းကုန်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားပြီး မြန်မာနိုင်ငံမှ အာဆီယံခေါင်းဆောင်မှုအရည်အချင်းဆုရရှိသော Mega Global Green Automation ကုမ္ပဏီနှင့် Techno-Hill Engineering ကုမ္ပဏီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
(သတင်းစဉ်)