နေပြည်တော် မေ ၁၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော သမဝါယမလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နှင့်မြို့ပြ ဖွံ့ဖြိုးမှုကွာဟချက် လျှော့ချရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ကျေးရွာများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ မီးလင်းရေး၊ ရေရရှိရေး၊ လမ်း၊ တံတားများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးနေမှု အခြေအနေကို တင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ သမဝါယမသင်တန်းကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ သမဝါယမ ဦးစီးဌာနအနေဖြင့် ကျေးရွာများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့စနစ် အောင်မြင်ဖြစ်ထွန်းရေး၊ အရင်းအနှီးရရှိရေး၊ လယ်ယာသုံး စက်ကိရိယာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးနေကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာကာ ဒေသဖွံ့ဖြိုးရေးနှင့် သမဝါယမလုပ်ငန်းများ အောင်မြင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားပြီး သမဝါယမသင်တန်းကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် သမဝါယမစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော (၂၅)ခုတင်ဆံ့ ကိုအော့ပ်(Co-Op) ဆေးရုံသို့လည်းကောင်း၊ ညောင်ရွှေမြို့ သဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းသို့လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ကလောမြို့နယ် အင်းမှီးကျေးရွာသို့ ရောက်ရှိကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၃၄ ဒသမ ၃၅) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးမှု အခြေအနေကိုလည်းကောင်း၊ ကလောမြို့ ရွှေကလော အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက် ဆန်ဆိုင်ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

သတင်းစဉ်