(၂၉-၄-၂၀၂၂)ရက်နေ့မှအဆက်

ပုဏ္ဏသည် သူဆင်းရဲဘဝမှ သူဌေးကြီးဖြစ်ခြင်း

ရာဇဂြိုဟ်ပြည်၌ “သုမန” မည်သော သူဌေးအိမ်၌ ဆင်းရဲသားတစ်ယောက်သည် လယ်ယာအလုပ်ဖြင့် သူရင်းငှားလုပ်၍နေသည်။ ၎င်း၏အမည်မှာ “ပုဏ္ဏ” မည်၏။ သူ့တွင် “ဘရိတာ”မည်သော မယားရှိသည်။ “ဥတ္တရာ”မည်သော သမီးတစ်ဦးရှိပါသည်။ ရာဇဂြိုဟ်ပြည်၌ ပြည်သူများ ပျော်ပါးရန် နက္ခတ်သဘင် ကျင်းပလျက်ရှိသည်။ ၎င်းသည် ဆင်းရဲသည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသောကြောင့် အလုပ်ကိုသာ ဦးစားပေး၍ ပျော်ပွဲမသွားပါ။ လယ်ထဲသို့ နွားများယူ၍ လယ်ထွန်လုပ်ကိုင်နေလေသည်။ 

ထိုအချိန်၌ အရှင်သာရိပုတ္တရာမထေရ်သည် နံ့သာတော၌ နိရောဓသမာပတ် ဝင်စားရာမှ ထသောအချိန်လည်း ဖြစ်ပါသည်။ မထေရ်သည် ယနေ့တွင် မည်သူအား ချီးမြှောက်ရမလဲ ကြည့်ရှုသော် ဆင်းရဲသား ပုဏ္ဏကို မြင်လေသည်။ မထေရ်သည် သင်္ကန်းကိုရုံ၍ သပိတ်ကိုလွယ်ပြီး သူဆင်းရဲ ပုဏ္ဏ လယ်ထွန်နေရာသို့ သွားသည်။ 

ပုဏ္ဏနေသည့်အရပ်နှင့်နီးသော ရေတွင်းအနီး၌ ချုံကြီးတစ်ခုကို ကြည့်၍ရပ်နေသည်။ ၎င်းပုဏ္ဏသည် အရှင်သာရိပုတ္တရာကို မြင်သည်ရှိသော် ကြည်ညိုသဒ္ဓါတရားပွားများ၍ မထေရ်သည် မြက်ဒန်ပူကို အလိုရှိအံ့ထင်၍ မထေရ်အနီးသို့သွားပြီး မျက်နှာသစ်ရေကို ခပ်ကာ ဒန်ပူကို ကပ်လှူလေသည်။ မထေရ်သည် ၎င်းကပ်သော ဒန်ပူကို သုံးဆောင်ပြီးသောအခါ ပုဏ္ဏ၏မယား ထမင်းလာပို့မည့်လမ်းသို့ ကြွသွားတော်မူသည်။ 

ပုဏ္ဏား၏မယား ဘရိတာသည် သူ့ခင်ပွန်းအတွက် ထမင်းလာပို့သည်။ ယင်းလမ်းတွင် မထေရ် နှင့်ဆုံလေသည်။ ဘရိတာသည် အရှင်သာရိပုတ္တရာကို မြင်လျှင် ကြည်ညိုသဒ္ဓါတရားပေါက်၍ မထေရ်အား သူ့ခင်ပွန်းအတွက် ယူဆောင်လာသော ထမင်းကိုဆွမ်းအဖြစ် ကပ်လှူလေသည်။ ယင်းသို့လောင်း လှူပြီးသောအခါ ဘရိတာ (ပုဏ္ဏ၏မယား)က ဆုတောင်းခံပါသည်။ ဤဆွမ်းလှူဒါန်းရခြင်းအကျိုးကြောင့် ဒိဋ္ဌဓမ္မအကျိုးခံစားရလိုကြောင်း ဆုတောင်းလေသည်။ မထေရ်က ဘရိတာတောင်းသည့်ဆုကို အလိုတိုင်းပြည့်ပါစေဟုဆို၍ ရပ်လျက်ပင် အနုမောဒနာပြုပြီး ကြွသွားလေသည်။ 

ဘရိတာသည် ဤလှူလိုက်ပြီးသော ဆွမ်းအတွက် အိမ်ပြန်၍ သူ့ခင်ပွန်းအတွက် ထမင်းချက် ရလေသည်။ ထိုအချိန်၌ ပုဏ္ဏသည် လယ်ထွန်ကာမောပြီး ထမင်းဆာ၍ လယ်ကန်သင်းကို ခေါင်းဆိုက်၍ အိပ်ပျော်ပြီး သူ့ဇနီးထမင်းလာအပို့ကို စောင့်နေလေသည်။ ဘရိတာသည် အတန်ကြာသောအခါ ပုဏ္ဏထံသို့ ထမင်းနှင့်အတူ ရောက်လာကြလေသည်။ ထိုအကျိုးအကြောင်းကို သူ့ခင်ပွန်း ပုဏ္ဏအား ပြောပြ၍ သူတို့ဇနီးမောင်နှံသည် သူတို့လှူရသော ဆွမ်းအတွက် ကြည်နူးနေကြလေသည်။ သူတို့သည် ပျူပျူငှာငှာပြောဆိုပြီး ထမင်းစားပြီးသောအခါ ပုဏ္ဏသည် အမောမပြေသေးဘဲ သူ့ဇနီးဘရိတာ၏ ပေါင်ပေါ်တွင် ခေါင်းဆိုက်ကာ အိပ်ပြန်ပါသည်။ 

ပုဏ္ဏထွန်ထားသော လယ်မြေသည် ရွှေတုံးအတိဖြစ်လျက် တစ်ကွင်းလုံးလုံး ထွန်းတောက်လေသည်။ ပုဏ္ဏသည် အိပ်ရာမှ နိုးသောအခါ ထိုရွှေတို့မြင်သော် အမြန်သွားကြည့်သည်။ ရွှေစင်အစစ်ဖြစ်နေကြောင်း သိရလေသည်။
 
ပုဏ္ဏသည် သူ့ဇနီးအား ဤသို့ဖြစ်ရခြင်းမှာ မထေရ်ကို လှူရသောကြောင့် ဒိဋ္ဌဓမ္မအကျိုးဖြစ်ခြင်း ဖြစ်ကြောင်း ပြောပါသည်။ ထို့နောက် ဤရွှေခင်း တို့ကို သူတို့ထမင်းချိုင့်နှင့် အပြည့်ထည့်၍ ဗိမ္ဗိသာရ မင်းကြီးအား သွားပြကာ သူတို့ ယခုလို ဖြစ်လာခြင်း သည် အရှင်သာရိပုတ္တရာအား ဆွမ်းကပ်သော အကျိုးကျေးဇူးဖြစ်ကြောင်း လျှောက်ထားလေသည်။ 

မင်းကြီးသည် သူမင်းချင်းတို့အားစေလွှတ်၍ ရွှေတို့ကိုယူဆောင်စေပြီး မင်းရင်ပြင်တွင် စုပုံစေ၍ ပုဏ္ဏအား သူဌေးတို့၏ အဆောင်အယောင်နှင့်တကွ သူဌေးရာထူးကို ပေးလေသည်။ ပုဏ္ဏသည် မင်းကြီးထံမှ မြေကွက်ကို တောင်းခံ၍ အိမ်ဆောက်လုပ်လေသည်။ ဆောက်လုပ်ပြီးသော် အိမ်တက်မင်္ဂလာပြုပြီး ဘုရားနှင့် ရဟန်းတို့အား ပင့်ဖိတ်၍ ခုနစ်ရက်လုံးလုံး အလှူပေးစေပါသည်။ 

ဘုရားရှင် ဟောကြားသောတရားကို နာကြားပြီး ပုဏ္ဏမိသားစုသုံးဦးသည် သောတာပန်ဖြစ်သွား လေသည်။ 

ဘုရားရှင် ဝေသာလီပြည်သို့ ကြွတော်မူခြင်း 

ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဝေသာလီပြည်တွင် ဘေးဆိုးကြီးသုံးမျိုး ဆိုက်ရောက်၍ လူအများ သေကျေပျက်စီးကြကုန်သည်။ ယင်းဘေးဆိုးကြီး သုံးမျိုးမှာ ငတ်မွတ်ခေါင်းပါးခြင်း၊ အနာရောဂါထူပြောခြင်း၊ ဘီလူးဘေးပူးကပ်ခြင်းတို့ ဆိုက်ရောက်နေပါသည်။ ထိုအချိန် လိစ္ဆဝိမင်းခုနစ် ထောင်ကျော်တို့သည် ဝေသာလီပြည်ကို အလှည့်ကျဖြင့် အုပ်ချုပ်မင်းလုပ်သည့်အလေ့ရှိကြသည်။ 

ဤသို့ဘေးဆိုးကပ်ကြီး ဆိုက်ရောက်သည်ကို ပြည်သူပြည်သားတို့ လိစ္ဆဝိမင်းတို့၏ အပြစ်တစ်စုံ တစ်ရာရှိ၊ မရှိကို စိစစ်ကြသည်။ စိစစ်သည့်အခါ၌ မင်းတို့၌အပြစ်မရှိကြောင်း သိရသည်။ ထိုဘေးမှ လွတ်မြောက်ရေးကို ဆွေးနွေးကြသည်။ နောက်ဆုံး၌ ဘုရားရှင်ကြွလာလျှင် ဤဘေးဆိုးမှ ဧကန် လွတ်ငြိမ်းပျောက်ကင်းကြမည်ဟု သူတို့အားလုံး ယုံကြည်စွာဆုံးဖြတ်လေသည်။ 

ဝေသာလီပြည် လိစ္ဆဝိမင်းအပေါင်းတို့သည် လက်ဆောင်များဖြင့် ဘုရားရှင်အား ပင့်ဆောင်ရန် စီစဉ်လေသည်။ ဘုရားရှင်နှင့် ရင်းနှီးမှုရှိသော မဟာလိအမည်ရှိ လိစ္ဆဝိမင်းနှင့် ပုရောဟိတ်၏ သားနှစ်ဦးတို့ကို ဘုရားရှင်အား ပင့်ဆောင်ရန် ရာဇဂြိုဟ်ပြည်သို့ လက်ဆောင်များနှင့်တကွ စေလွှတ်လေသည်။ ၎င်းတို့သည် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရမင်းအား လက်ဆောင်များ ဆက်သ၍ ယင်းအကျိုးအကြောင်းကို ပြောပြလျှောက်ထားလေသည်။ ထို့နောက် ဘုရားရှင်ထံသို့လည်း သူတို့ ဝေသာလီပြည်သို့ ကြွရောက်ပါရန် ပင့်ဖိတ်လျှောက် ထားလေသည်။ ဘုရားရှင်သည် ဆင်ခြင်တော်မူ၏။ ဝေသာလီပြည်၌ ရတနသုတ်ကို ဟောကြားတော်မူလျှင် လူ၊ နတ်၊ ဗြဟ္မာအပေါင်းတို့ ဘေးသုံးပါးစလုံး ငြိမ်းရုံမက သစ္စာလေးပါးကို ထိုးထွင်းသိကြလတ္တံ့ဟု မြင်တော်မူသည်။ ထို့ကြောင့် ဘုရားရှင်က ကြွလာ မည်ဖြစ်ကြောင်း ဝန်ခံတော်မူသည့်အချိန်ကား စတုတ္ထဝါကျွတ်သောအချိန်လောက် ဖြစ်လေသည်။ 

ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင် ဝေသာလီပြည်သို့ ကြွရောက်မည်ကိုသိလျှင် ဘုရားရှင်အား ခေတ္တမျှ စောင့်တော်မူစေသည်။ ရာဇဂြိုဟ်ပြည်နှင့် ဂင်္ဂါမြစ်အကြား ငါးယူဇနာဝေးသည့် လမ်းခရီးကို ညီညာဖြောင့်ဖြူးစွာလုပ်စေပြီး တစ်ယူဇနာရောက်တိုင်း ကျောင်းတစ်ဆောင်စီ ဆောက်လုပ်လျက် ဘုရားရှင်အား ကြွစေတော်မူပါသည်။ မင်းကြီးသည် သူ့ပရိသတ်ခြံရံလျက် ဘုရားရှင် ကြွရာလမ်းသို့ လိုက်ပါကာ ဘုရားရှင်အား ထီးဖြူနှစ်လက်မိုး၍ ဘုရားရှင်နှင့် လိုက်ပါသွားသော ရဟန်းတစ်ပါးစီတွင် ထီးဖြူတစ်လက်စီ မိုးကာ တံခွန်ကုက္ကား၊ ငှက်ပျောပင်တို့ စိုက်စေလျက် ပန်းနံ့သာတို့ ပူဇော်ခြင်းဖြင့် လိုက်ပို့လေသည်။ 
မင်းကြီးသည် တစ်ယူဇနာရောက်တိုင်း သူဆောက်ထားသည့်ကျောင်းတို့တွင် ဘုရားရှင်နှင့် ရဟန်းတို့အား သီတင်းသုံးစေလျက် အလှူကြီးပေးလှူလေသည်။ ငါးရက်ကြာသောအခါ ဂင်္ဂါမြစ် ကမ်းရောက်သော် လိစ္ဆဝိမင်းတို့ကို ဘုရားရှင်အား ခရီးဦးကြိုပြုရန် အကြောင်းကြားလေသည်။ 

ဝေသာလီပြည်နှင့် ဂင်္ဂါမြစ်တို့သည် သုံးယူဇနာ ကွာဝေးသည်။ လိစ္ဆဝိမင်းတို့သည် ၎င်းခရီးကို ညီညာအောင်ပြုလျက် ဗိမ္ဗိသာရမင်းကြီး ပြုလုပ်သည်ထက်နှစ်ဆတိုး၍ ကြီးကျယ်ခမ်းနားစွာစီရင်ပြီး ဂင်္ဂါမြစ်ဆီသို့ လာကြလေသည်။ 

ဗိမ္ဗိသာရမင်းကြီးလည်း လှေနှစ်စင်းကိုပူးတွဲ၍ အပေါ်၌ မဏ္ဍပ်ကြီးဆောက်လုပ်ပြီး အခမ်းအနား ခင်းကျင်းကာ ရတနာတို့ဖြင့် ပြီးသောနေရာ၌ ဘုရားရှင်အား ရဟန်းတော်များ ခြံရံလျက်နေစေ တော်မူလေသည်။ မင်းကြီးသည် ရေထဲသို့ လည်ပင်း အထိဆင်း၍ ဘုရားရှင်ပြန်ကြွလာသည်ကို သူ စောင့်နေမည်ဖြစ်ကြောင်း လျှောက်ထား၍ လှေများအား လွှတ်လိုက်လေသည်။ 

ယင်းလှေတို့သည် တစ်ယူဇနာမျှသွားပြီးသော် ဝေသာလီပြည်နယ်ထဲသို့ ရောက်သွားသည်။ လိစ္ဆဝိ မင်းတို့သည် ရေထဲသို့ လည်ပင်းထိအောင်ဆင်း၍ လှေတော်ကို ကမ်းစပ်သို့ဆောင်ပြီး ဘုရားရှင်အား လှေတော်မှ ပင့်ဆောင်သွားလေသည်။ ဘုရားရှင်က ကမ်းနား၌ ခြေတော်ချသည့်တစ်ပြိုင်နက် ပေါက္ခရ ဝဿမိုးကြီး ရွာသွန်းလေသည်။ ထိုမိုးကြောင့် ပုဆစ်၊ ဒူးခါးမျှအထိ ရေတို့စီးကုန်ကြ၏။ ထိုသို့ စီးဆင်းသဖြင့် ဘေးသုံးပါးကြောင့် သေကျေပျက်စီးနေသော လူသေကောင်ပုပ်များ မျောပါသွားလေသည်။ ဤသို့ဖြင့် မြေကြီးသည် သန့်ရှင်းကုန်လေသည်။ လိစ္ဆဝိမင်းတို့သည် တစ်ယူဇာနာရောက်တိုင်း ဆောက်လုပ်ထားသော ကျောင်းဆောင်တို့၌ ဘုရားရှင်နှင့်တကွ ရဟန်းတော်များ သီတင်းသုံး တော်မူစေပြီး ဗိမ္ဗိသာရမင်းကြီးထက်နှစ်ဆတိုး၍ လှူဒါန်းပူဇော်ကြလေသည်။ သုံးရက်ကြာသောအခါ ဝေသာလီပြည်သို့ ရောက်လေသည်။ သိကြားမင်းကလည်း နတ်အပေါင်းခြံရံလျက်ရောက်လာလေသည်။ ဘီလူးများသည် ပြေးရှောင်သွားကြလေသည်။ 

ဘုရားရှင်သည် ညီတော်အာနန္ဒာအား လိစ္ဆဝိမင်းသားတို့နှင့်တကွ မြို့ကို လှည့်ပတ်လျက် ဝေသာလီပြည် တံတိုင်းသုံးခုကြားတွင် သူသင်ကြားပေးထားသော ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်ရန် မိန့်တော်မူလေ၏။ အရှင်အာနန္ဒာသည် ဘုရားရှင်သင်ပေးထားသော ရတနသုတ်ပရိတ်တော်ကို ညဉ့်သုံးယံပတ်လုံး တံတိုင်းသုံးခုကြား၌ လှည့်လည်ရွတ်ဖတ်လေသည်။ အနာရောဂါခံစားနေသော လူနာတို့သည် အရှင်အာနန္ဒာ ရတနသုတ် ရွတ်လိုက်သောကြောင့် အနာရောဂါ ပျောက်ကင်း၍ အရှင်အာနန္ဒာနောက် ခြံရံလျက်လိုက်ပါကြကုန်၏။ ထို့နောက် အရှင်အာနန္ဒာနှင့် ရောဂါပျောက်ကင်းသူ လူနာများ ခြံရံလျက်ဘုရားရှင်အား ဖူးမြော်ကန်တော့ကြလေသည်။ ထိုအခါ ဘုရားရှင်သည် ထိုရတန သုတ်ပရိတ်တော်ကို ဟောကြားတော်မူလေသည်။ ဤသို့အားဖြင့် ဘုရားရှင်သည် ရတနသုတ်ပရိတ် တော်ကို ခုနစ်ရက်တိုင်တိုင် ဟောကြားတော်မူသောကြောင့် ဘေးအန္တရာယ်ငြိမ်းသွားလေသည်။ 

ဘုရားရှင်သည် ဘေးအန္တရာယ်ငြိမ်းပြီဖြစ်၍ ဝေသာလီမှ ပြန်ကြွတော်မူလေသည်။ လိစ္ဆဝိမင်း တို့သည် အလွန်ဝမ်းမြောက်၍ ဘုရားရှင်အား နှစ်ဆတိုး၍ပူဇော်ပြီး လိုက်ပို့ကြရာ သုံးရက်ဖြင့် ဂင်္ဂါမြစ်သို့ ရောက်လေသည်။ 

(ဆက်လက်ဖော်ပြပါမည်)