မြစ်ကြီးနား မေ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ သကျမာရဇိန် အံတော်ရှင် စေတီတော်မြတ်ကြီး ရွှေသားရွှေစင် ကပ်လှူခြင်း၊ ဘက်စုံမွမ်းမံမှု လုပ်ငန်းများ ပြီးစီးအောင်မြင်ခြင်း၊ အလှူရေစက်ချခြင်းနှင့်အတူ စေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို မေ ၁၄ ရက် နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးတွင် ပြုလုပ်သည်။

ရှေးဦးစွာ စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့် ဧည့်ပရိသတ်များက မြစ်ကြီးနားမြို့၊ ဝန်းသိုကျောင်းတိုက်မှ ပြည်နယ်သံဃာ့နာယက အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေတုမာလာထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။

ယင်းနောက်  စေတီတော်မြတ်ကြီး ရွှေသားရွှေစင် သင်္ကန်းကပ်လှူခြင်း၊ ဘက်စုံမွမ်းမံရေး ဦးစီးကော်မတီ နာယက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် မြတ်သက်ဦးက သာသနာ တော်ဆိုင်ရာများ လျှောက်ထားပြီး ဆရာတော် သံဃာတော်များအား  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများက ရွှေထီးတော်၏ ဘုံအဆင့်ဆင့်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်း များကို  ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ရွှေထီးတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဆပ်သွားဖူး၊ ဇွန်း(၄)ဘုံ၊ ညောင်ရွက်တော် ခေါင်းလောင်းတော်၊ ရွှေထီးတော်ဘုံဆင့်များကို ပင့်ဆောင့်ပြီး စေတီတော်ကြီးအား လက်ယာရစ်သုံးကြိမ် လှည့်လည်ပူဇော်ကာ ရွှေထီးတော် တတိယဘုံအဆင့်မှစတင်၍ မင်္ဂလာရထားပျံဖြင့် ပင့်ဆောင် တင်လှူ ပူဇော်ပေးသည်။

အံတော်ရှင် စေတီတော်မြတ်ကြီးအား ရွှေသားရွှေစင် ကပ်လှူခြင်း၊ ဘက်စုံမွမ်းမံခြင်းနှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်းတို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီးမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုဝင်များ လှူဒါန်းငွေကျပ် ၁၀၀၈၆၂၆၀၀ ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာဝန်ထမ်းများမှ လှူဒါန်းငွေကျပ် ၄၀၁၇၆၅၀၀၊ မြို့ပေါ် ရပ်ကွက်များနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များက လှူဒါန်းငွေကျပ် ၂၂၃၃၆၈၅၅၀ စုစုပေါင်း ငွေကျပ် ၃၆၄၄၀၇၆၅၀ ဖြင့်   ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မေ ၁၆ ရက်တွင်  ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲနှင့် ဆရာတော်၊ သံဃာတော်၊ သီလရှင် အပါး ၂၇၀ ကျော်အား သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်