ရန်ကုန်  မေ ၁၄

 

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အခြေခံပညာကျောင်းများ မကြာမီဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်ကျန်းမာစွာ ပညာသင်ကြားနိုင်ရေး လုံခြုံရေး၊ ကျန်းမာရေး၊ သန့်ရှင်း သာယာသပ်ရပ်ရေး စုပေါင်းလုပ်အားပေး ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများမှ ယနေ့နံနက်ပိုင်းက လိုက်လံအားပေးကြည့်ရှု စစ်ဆေးကြသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ လသာမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပန်းပဲတန်း မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများသို့ သွာရောက်၍ စုပေါင်း လုပ်အားပေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန်၊ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး၊ ရေပေးဝေရေး ကွန်ရက်များကောင်းမွန်စေရေး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများမကျရောက်စေရေး အတွက် သန့်စင်ခန်းများ သန့်ရှင်းကောင်းမွန်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေးအတွက် မြက်ပင်ချုံနွယ်များ ပြောင်စင်အောင်ရှင်းလင်းရေး၊ ရေမြောင်းများ ရေစီးရေလာကောင်မွန်ရေး၊ ကျောင်းသားများ ကျန်းမာပျော်ရွှင်ရေးအတွက် အားကစားအထောက်အကူပြု ကရိယာများ ကြံခိုင်မှုရှိစေရေး၊ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ကျောင်းဝင်ထွက်လမ်း ပျက်စီးမှုများအား ပြန်လည်ပြုပြင်ခင်းကျင်းရေး၊ အုပ်မိုးကိုင်းများ၊ အဆောက်အဦ၊ ဓါတ်အားလိုင်း များနှင့် မလွတ်ကင်းသည့် သစ်ကိုင်းသစ်ခက်များ၊ တွယ်ကပ်ပင်များ ခုတ်ထွင်ရှင်းလင်းရေး၊ သစ်ငုတ်များ တူးဖော်ရေး၊ အမှိုက်များရှင်းလင်းရေး၊ အဆောက်အဦ ဆေးရောင်များသစ်လွင်စေရေး တို့ကို ဆောင်ရွက်သွားရန်မှာကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

(သတင်းစဉ်)