ပဲခူး မေ ၁၄

 

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောတီတော်မြတ်ကြီး (၇၁)ကြိမ်မြောက် ကဆုန်ညောင်ရေ သွန်းလောင်းလှူပူဇော်ပွဲကို အဆိုပါ စေတီတော်မြတ်ကြီးရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင် ပင်၌ ယနေ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ နံနက်ပိုင်းတွင်ကျင်းပသည်။

 

အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယောဂီများနှင့် ဘုရားဖူးလာ ပြည်သူများက အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာအစရှိသည်တို့ကို ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ ဂါထာတော်၊ ကိုယ်စိတ်နှစ်ဝ ချမ်းသာကြစေဂါထာတော်နှင့် ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ် အစရှိသည်တို့ကို ရွတ်ဆိုမေတ္တာပို့သပြီး မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီတော်ဖြစ်သည့် ရွှေညောင်ပင်နှင့် ဗုဒ္ဓရုပ်ပွားတော်တို့အား မြတ်ဗုဒ္ဓအား ရည်စူး၍ ညောင်ရေများသွန်းလောင်းပူဇော်ကြသည်။

 

ကဆုန်လပြည့် ဗုဒ္ဓနေ့၌ ပဲခူးမြို့ရှိ မဟာစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်း ရုပ်ပွားတော်မြတ်ကြီး၊ ဗုဒ္ဓဂါယာစေတီတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာစေတီ တော်မြတ်ကြီး၊ ဟင်္သာကုန်းစေတီ တော်မြတ်ကြီးစသည့် ဘုရား၊ ပုထိုး၊ စေတီတော် များတို့တွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများက ကဆုန်ညောင်ရေသွန်းလောင်း လှူပူဇော်ပွဲများ၊ စတုဒီသာများကျွေး မွေးလှူဒါန်းခြင်းများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သာသနိကအဆောက်အဦ ဓမ္မာရုံများရှိ ဗဟာဗောဓိညောင်ပင်များ၌ မြတ်ဗုဒ္ဓ၏ ပရိဘောဂစေတီတော်ဖြစ်သည့် ညောင်ပင်ကို ညောင်ရေများ သွန်းလောင်းပူဇော်ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့ရွာသန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍(တတိယပတ်) စုပေါင်းသန့်ရှင်းရေး ပြုလုပ် နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)