mdn

နေပြည်တော် မေ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် နွေစပါးတစ်ဧက တင်း(၁၂၀)အထက် ထွက်ရှိရေး ဧက(၅၀)စံပြကွက်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိ မြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု စံပြစိုက်ကွင်း ရှင်းလင်းဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာမှသာ တိုင်းဒေသကြီးပြည်နယ်များအလိုက်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှာဖြစ်သည့်အတွက် ကျေးလက်နေတောင်သူများ လူမှုဘဝမြင့်မားရေး၊ စီးပွားရေးကောင်းမွန်ရေးတို့ကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း နွေစပါးရာသီတွင် မျိုးစေ့ထုတ်လုပ်ငန်းများ အား တောင်သူလယ်သမားများမှ သက်ဆိုင်ရာကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း၊ တစ်ဧကအကျိုးအမြတ်ပိုမိုရရှိနေကြောင်း၊ သီးနှံမျိုးစုံ မျိုးစေ့ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်ဦးစီးမှူး ဦးဝင်းထိန်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လည်းကောင်း၊  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဦးတင်ထွန်းအောင်က နေပြည်တော်အတွင်း နွေစပါးစိုက်ပျိုးမှုနှင့် စံပြကွက်ရိတ်သိမ်းမှု အခြေအနေ များကိုလည်းကောင်း၊  ဇမ္ဗူသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးဘဌေး က  မြို့နယ် အတွင်း နွေစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့်အဖွဲ့သည် တဲကြီးကုန်းကျေးရွာ အုပ်စု ကွင်းအမှတ်(၁၆၅၉)အတွင်းရှိ တောင်သူ ဦးအောင်ငွေ၏ နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်ဦးစီးမှူးက နွေစပါးစံကွက်ရိတ်သိမ်းနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား မျိုးကောင်းမျိုးသန့်စပါးများရရှိရေး၊ သီးနှံအထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် အသိပညာပေးရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင် ရွက်ပေးစေလိုကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ယနေ့ တဲကြီးကုန်းကျေးရွာ တောင်သူဦးအောင်ငွေ ကွင်းအမှတ်(၁၆၅၉)တွင် စိုက်ပျိုးထားသည့် ထိုင်းနှံကောက်စပါးမျိုးကို ရိတ်သိမ်းရာတွင် တစ်ဧက(၁၂၅)တင်းကျော်ထွက်ရှိပြီး အထွက်နှုန်းကောင်းမွန် လျက်ရှိကြောင်းနှင့်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း  ၂၀၂၁- ၂၀၂၂ ခုနှစ်တွင် နွေစပါးစိုက်ပျိုးမှုဧက အနေဖြင့်  စီမံကိန်းလျာထားဧက(၁၈၈၀၃)ဧကဖြစ်ပြီး (၂၇၉၇၈)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။ 

 ခရိုင်ပြန်/ဆက်