နေပြည်တော် မေ ၁၆
မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်၊ အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် ကမာရွတ်မြို့နယ် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဝန်ကြီးဌာန အကြီးအမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးကို ကျောင်းဆင်းတပ်ခွဲမှ အလေးပြုပြီး စစ်ရေးပြ စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်းတွင် ထူးချွန်ဆုရရှိခဲ့ကြသော စံပြအရာရှိလောင်း (ရေကြောင်း) ဆုရအရာရှိလောင်း သုတစိုး၊ စံပြအရာရှိလောင်း (အင်ဂျင်နီယာ) ဆုရ အရာရှိလောင်း ဟန်မင်းလတ်၊ ကုန်သွယ်ရေကြောင်း အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း အားမာန်ဦးနှင့် အင်ဂျင်နီယာ အရာရှိလောင်း စာပေထူးချွန်ဆုရ အရာရှိလောင်း စွမ်းထက်အောင်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရေကြောင်းဘက်ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကုန်သွယ်ရေကြောင်း အရာရှိလောင်းများကို အားသစ်လောင်းကာ မွေးထုတ်ပေးနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်သည် သက်တမ်းအားဖြင့် ရွှေရတုနှစ် (၅၀) ပြည့်ခဲ့ပြီး စတင်တည်ထောင်ချိန်မှ ရွှေရတုကာလအထိ နိုင်ငံတော်အတွက် လိုအပ်သောရေကြောင်းပညာ မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် သမိုင်းအစဉ်အလာ ကြီးမားခဲ့သော ရေကြောင်းဘက်ဆိုင်ရာ ကောလိပ်ကျောင်းကြီးတစ်ကျောင်း ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ကျောင်းဆင်းအရာရှိများသည် နိုင်ငံတကာ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် ကျရာတာဝန်များကို ထမ်းဆောင်လျက်ရှိကြပြီး ဝန်ကြီးဌာနတွင်ရှိသည့် ရေကြောင်းဘက်ဆိုင်ရာ ကဏ္ဍများကို တာဝန်ယူ ဆောင်ရွက်နေကြသော ဌာနများတွင်လည်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ကျေပွန်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အနေဖြင့် သင်တန်းဆင်း အရာရှိလောင်းများ၏ အလုပ်အကိုင် အခွင့်အလမ်းအတွက် နိုင်ငံခြားသင်္ဘော ကုမ္ပဏီများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုပြီး ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျောင်းဆင်း အရာရှိလောင်းများ အားလုံးရာနှုန်းပြည့် အလုပ်အကိုင်ရရှိလျက်ရှိပါကြောင်း၊ ရေကြောင်း ကုန်သွယ်ရေးကဏ္ဍသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အထောက်အကူပြုသည့် ကဏ္ဍဖြစ်ကြောင်း၊ ရေကြောင်း သွားလာရေး လုပ်ငန်းများအတွက် အရေးပါသည့် ရေကြောင်းပညာရှင်များ မွေးထုတ်ပေးရာတွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပညာရှင်များဖြစ်အောင် လေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ကျောင်းဆင်းအရာရှိလောင်းများအနေဖြင့် ကုန်သွယ် ရေယာဉ်များပေါ်တွင် တာဝန်ထမ်းဆောင်ရာ၌ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ၊ မိခင်ကျောင်းတော်ကြီး၏ ဂုဏ်သတင်းများ အစဉ်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် အလေးထား တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေကြရန်၊ အနာဂတ်တွင် ထူးချွန်ထက်မြက်တဲ့ နိုင်ငံသားကောင်း မျိုးဆက်သစ် ရေကြောင်းလူငယ်များဖြစ်အောင် ကြိုးစားကြရန်၊ မိမိနှင့်သက်ဆိုင်သည့် ပညာရပ်များကိုလည်း ခေတ်နှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန်၊ ရေကြောင်းပညာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
မြန်မာနိုင်ငံကုန်သွယ် ရေကြောင်းကောလိပ်ကို ၁၉၆၃ ခုနှစ်တွင် ဆိပ်ကြီး၊ သန်လျင် ရေတပ်လေ့ကျင့်ရေးကျောင်း၌ ပထမဦးဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး၊ စတင်တည်ထောင်ချိန်မှ ယနေ့အထိ ရေကြောင်းပညာအရာရှိလောင်း (၂၇၃၄) ဦးနှင့် ရေကြောင်းအင်ဂျင်နီယာ အရာရှိလောင်း (၂၇၇၉)ဦး၊ စုစုပေါင်းအရာရှိလောင်း (၅၅၁၃) ဦးကို လေ့ကျင့်ပျိုးထောင် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းသို့ ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာ့သင်္ဘောကျင်း လုပ်ငန်း၏ ရေယာဉ် တည်ဆောက်ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တန်ချိန် ၁၂၀၀၀ ရေလုံသင်္ဘောကျင်းတွင် ရေယာဉ်လွန်းတင် ပြင်ဆင်နေမှုနှင့် လွန်းကျင်းအခြေအနေနှင့် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ရောက်ရှိပြီး တာဝန်ရှိသူများက တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရထားစက်ခေါင်းများ ပြင်ဆင်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ စက်ရုံရှိ အလုပ်ရုံများအလိုက် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး စက်ခေါင်းစက်ရုံ (အင်းစိန်) ၏ စက်ရုံတွင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းစိန်မီးရထားဆေးရုံသို့ ရောက်ရှိကာ ဆေးရုံဧည့်ခန်းမတွင် ဆေးရုံဝန်ထမ်းများနှင့် တွေ့ဆုံအမှာ စကားပြောကြားပြီး ဆေးရုံ အဆောက်အဦအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့ပတ်ဒီဇယ်စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ရောက်ရှိရာစဉ် စက်ရုံဝင်းအတွင်းရှိ ဂျပန်နိုင်ငံမှ ရောက်ရှိလာသည့် DEMU ရထားတွဲဆိုင်း သစ်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တွဲဆိုင်းပါစက်ခေါင်း၊ တွဲအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တွဲဆိုင်းပါ စက်ခေါင်းနှင့် တွဲများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်