နေပြည်တော် မေ ၁၉
ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် Onlineဖြင့် ဖွင့်လှစ်ခဲ့သည့် UN Conventions, Laws & Policies Awarenessသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် သက်ဆိုင်ရာဌာနခွဲမှညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး က ယခုသင်တန်းသည် ဌာန၏ရည်ရွယ်ချက် ပြည့်မီစေရန် အထောက်အကူပြုသည့်သင်တန်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် UNCRC, UNCEDAW, UNCRPD နှင့် နောက်ဆက်တွဲ Protocols များ၊ ဌာနမှထုတ်ပြန်ထားသည့် ဥပဒေများ၊ နည်း ဥပဒေများ၊ မူဝါဒများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ASEAN Declaration on Strengthening Social Protection ဆိုင်ရာဘာသာရပ်များကို လေ့လာသင်ယူခဲ့ရသဖြင့် မြေပြင်တွင် ပြည်သူ လူထုနှင့် ထိတွေ့ပြီး လူမှုအကျိုးပြုလုပ်ငန်းများကို ထဲထဲဝင်ဝင်ဆောင်ရွက် နေသူများဖြစ်သည့်အတွက် သင်တန်း မှ ရရှိသည့် အသိပညာ၊ ဗဟုသုတများအား လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည် အသုံးချပြီး နိုင်ငံတော်ကို အကျိုးပြုနိုင်သည့်ဝန်ထမ်းကောင်း များဖြစ်ကြပါစေကြောင်း တိုက်တွန်း ပြောကြား သည်။
ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ဝန်ကြီးရုံးအစည်း အဝေးခန်းမ တွင်ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က နိုင်ငံတော် ဘဏ္ဍာ ရန်ပုံငွေမှ မသန်စွမ်း သူများ၏အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက် မတည်ငွေအဖြစ် ခွင့်ပြုပေး ခဲ့ပါကြောင်း၊ မတ်၂၃ ရက်တွင် ကျင်းပခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီအစည်းအဝေး (၁/၂၀၂၂) တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်စေဘဲ မသန်စွမ်းသူများအတွက် အကျိုးရှိသည့်လုပ်ငန်းများ ဆောင်ရွက်သွား ရန်ဆုံးဖြတ်ခဲ့ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်အရ ယနေ့အစည်းအဝေးကို ခေါ်ယူကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ မသန်စွမ်းသူများ ၏အခွင့်အရေးဆိုင်ရာ ရန်ပုံငွေကျပ် (၃)ဘီလီယံကို အရင်းမပျောက်စေဘဲ တိုးပွားနိုင်မည့် နည်းလမ်းများ ဝိုင်းဝန်းဆွေး နွေးအကြံပြုစေရေး၊ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင် ရွက်နိုင်ရေး၊ မသန်စွမ်းသူများနှင့် မသန်စွမ်း အဖွဲ့အစည်းများ အားအကျိုးရှိစွာ အသုံးပြုထောက် ပံ့နိုင်ရေးတို့အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့်ညှိနှိုင်း၍ လုပ်ငန်းစီမံချက်နှင့် စံလုပ်ငန်း အစီအစဉ် ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာရန်ပုံငွေကျပ် (၃) ဘီလီယံကို အရင်းမပျောက်မတည်ငွေအဖြစ် ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုး တိုးတက် စေရေးနှင့် မသန်စွမ်းသူများကို အကျိုးရှိစွာကူညီထောက်ပံ့ပေးနိုင်ရေးအတွက် ဆောင်ရွက် ရန် ရှိ သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)