စလင်း မေ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက် နံနက်ပိုင်းက စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြားခန်းမဆောင်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့် နီးစပ်သည့် ကျေးရွာအုပ်စု (၃) အုပ်စုတို့ရှိ အိမ်ထောင်စု (၄၃) စုတို့မှ မိသားစုဝင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံပေးအပ်ရာတွင် မေလ ၁၈ ရက်နေ့က ရွှေ့ပြောင်းအိမ်ထောင်စု ကျေးရွာအုပ်စုများဖြစ်သည့် သနပ်ကုန်းကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်း ကျေးရွာအုပ်စုများမှ ရွှေ့ပြောင်းမိသားစုဝင်များကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေလင်းနိုင်ကြီးကြပ်မှုဖြင့် စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သိင်္ဂီအေးတို့မှ အိမ်ထောင်စု(၄၃)အိမ်ထောင်စုတို့ အတွက် ဆန်ရိက္ခာဖိုးတစ်ဦးလျှင် (၂၁၀၀) ကျပ်နှုန်းဖြင့် လူဦးရေ (၁၆၇) ဦးတို့အတွက် (၃၅၀၇၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ထောင်စု (၄၃) အိမ်ထောင်စုအတွက် တစ်အိမ်လျှင် ငွေကျပ်(၁၀၀၀၀၀)နှုန်းဖြင့် (၄၃၀၀၀၀၀)ကျပ် စုစုပေါင်း ငွေကျပ်(၄၆၅၀၇၀၀)တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)