ငွေဆောင် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ်တွင် မြို့အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော် ဉီးဆောင်၍ ကျောင်းဝန်းသာယာလှပရေးနှင့် ကျောင်းဝန်းအတွင်းတွင် ခြင်များ မပေါက်ပွားစေရေးအတွက် ခြုံများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ သိမ်းဆည်းခြင်းတို့ကို စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။
အဆိုပါ ကျောင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်နှင့် ဒုတိယ ဉီးစီးမှူး(စီမံ- ၁)ဉီးဖြိုးဝေကျော်တို့မှ ဉီးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများစုပေါင်းကာ ကျောင်းဝန်းအတွင်းရှိ အမှိုက်များနှင့် ခြုံများကိုသိမ်းဆည်း ရှင်းလင်းခြင်း၊ စာသင်ခုံများကို စနစ်တကျနေရာချထားခြင်း၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ခြင်းတို့ကို ယနေ့ နံနက်ပိုင်းတွင် ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.ကငွေဆောင်တွင် စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကလည်း သိမ်းဆည်းထားသော အမှိုက်များကို အမှိုက်သိမ်းယာဉ်များဖြင့် တင်ဆောင်ကာ သတ်မှတ်ထားသောနေရာသို့ စနစ်တကျ သွားရောက်စွန့်ပစ်ခဲ့ကြောင်း သတင်းရရှိသည်။
ငွေဆောင်(ပြန်/ ဆက်)