ကန့်ဘလူ မေ ၂၃
ဒေသတွင်း လူတစ်ဦးချင်းစီ၏ ပျမ်းမျှဆီစားသုံးမှုမှာ များပြားနေပြီး စားသုံးဆီများကို ပြည်ပမှ မှာယူတင်သွင်းနေရသည့်အတွက် ဒေသတွင်း စားသုံးဆီ ဖူလုံရေးနှင့် ဆီထွက်သီးနှံ တိုးမြှင့် ထုတ်လုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆီထွက်သီးနှံ ၂၆၀၉၇၈ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ (မိုး/ဆောင်း) ၁၅၄၁၂၂ ဧက၊ နှမ်း (ဆောင်း/နွေ) ၉၇၇၈၁ ဧက၊ နေကြာ (မိုးဆောင်း) ၃၀၅၁ ဧက မုံညှင်း၊ ပန်းနှမ်း အစရှိသည့် သီးနှံများစိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့မြို့နယ်အတွင်း ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးမြှင့်လာစေရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးကို ဦးစားပေး၍ ဆောင်ရွက်လျက်ရှိသလို စားသုံးဆီဖူလုံရေးနဲ့ ဆီထွက်သီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ သီးထပ်သီးညှပ်များဖြင့် ဆီထွက်သီးနှံများကို စိုက်ပျိုးထုတ်လုပ်၍ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်စေရေး တောင်သူများကို စည်းရုံးဆောင်ရွက်ကာ စိုက်ပျိုးရေး နည်းပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစံအောင်က ပြောသည်။
ကန့်ဘလူမြို့နယ်တွင် ယမန်နှစ်က ဆီထွက်သီးနှံ စုစုပေါင်း ၂၅၂၄၈၂ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ ထို့ပြင် နေကြာသီးနှံအား လျာထားချက် ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရေးအတွက် ဒေသစီမံကိန်း ၃၃၁၁ ဧက လျာထားစီမံ ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများသည် စိုက်ပျိုးရေး အဆင်ပြေသည့်အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ဖူးစားပြောင်း စသည့် သီးနှံများကို အားထား စိုက်ပျိုးကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)