ပုသိမ် မေ ၂၅

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဦးစွာ ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားလျက်ရှိသောကြောင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မရှိစေရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးကို အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်ပါဝင် ဆောင်ရွက်လာကြစေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် လူအင်အားစုဖွဲ့၍ ကြိုတင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် အဘိတ်ဆေးလိုအပ်များရှိပါက ကြိုတင်တောင်းခံရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဆက်စပ်ဌာနဆိုင်ရာများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကာ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)