နေပြည်တော် မေ ၂၅
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံကြီးကြပ်ညွှန်ကြားမှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ပါမောက္ခချုပ်မှ ဦးဆောင်ပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနမှူးများ၊ အရာထမ်း၊ အမှုထမ်း များနှင့် သင်တန်းသား၊ သင်တန်းသူများ စုပေါင်းအင်အားဖြင့် ယနေ့ နံနက် ၇ နာရီတွင် ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပြုလုပ်သည်။
ဦးစွာ ကာကွယ်ရေးပညာဌာန၊ ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ရာဝင်းအတွင်း မြေလွတ်ဧရိယာ စိုက်ကွက် အမှတ်(၃)တွင် စိန်တစ်လုံးသရက်ပင် (၁၇၀) ကိုလည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူများက ယောမင်းကြီးဆောင်ဝင်းအတွင်းတွင် စိန်တစ်လုံးသရက်၊ ယိုးဒယားပိန္နဲ စသည့် နှစ်ရှည်ပင်များ၊ ပန်းအလှပင်များနှင့် စားပင်၊ သီးပင် (၁၀၀)ကိုလည်းကောင်း၊ အဆင့်မြင့် အရာထမ်းစီမံ ခန့်ခွဲမှုသင်တန်းရှိ သင်တန်းသား၊ သင်တန်းသူများက ကနောင်ဆောင်ဝင်းအတွင်းတွင် မက္ကဒေးနီးယား၊ ယိုးဒယားပိန္နဲနှင့် အာဆီယံသပြေ စသည့် နှစ်ရှည်ပင်များ၊ ပန်းအလှပင်များနှင့် စားပင်၊ သီးပင် စုစုပေါင်း (၁၅၀) ကို လည်းကောင်း စိုက်ပျိုးခဲ့ကြသည်။
ထို့ပြင် ကာကွယ်ရေးပညာဌာန၊ ရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ရာဝင်းအတွင်း မြေလွတ်ဧရိယာ စိုက်ကွက်အမှတ် (၁)တွင် ကြိုတင်စိုက်ပျိုးထားရှိပြီးသည့် ပိန္နဲပင် (၁၀၀)နှင့် သြဇာပင် (၂၀၀) အကြားတွင် အိန္ဒိယဒန့်သလွန်ပင်များကို ကြားညှပ်စိုက်ပျိုးခဲ့ကြပြီး နှစ်ရှည်ပင်များနှင့် ရာသီသီးနှံပင်များကို မြေဆွခြင်း၊ မြေပြုပြင်ခြင်း၊ ပေါင်းသင် ခြင်းလုပ်ငန်းများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)