နေပြည်တော်၊ မေ ၂၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမှတ် ၂ တပ်မတော်- ရုပ်မြင်သံကြား ထုတ်လုပ်ရေးတပ်မှ တပ်မှူးနှင့်အရာရှိများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်၊ ရုံးအမှတ် (၃၅)ရှိ လေ့ကျင့်ရေး ဇာတ်ရုံတွင် ဝတ်စုံပြည့်လေ့ကျင့်ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာအငြိမ့်-၃၏ တင်ဆက်မှုများကို ကြည့်ရှု စစ်ဆေးအားပေးသည်။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း အများ ပြည်သူများ စိတ်အပန်းပြေစေရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များဖြစ်သော ဇာတ်တော်ကြီး ဖျော်ဖြေတင်ဆက်ခြင်း၊ အငြိမ့်ဖျော်ဖြေ တင်ဆက်ခြင်း၊ ယိမ်းနှင့် ပဒေသာအက ဖျော်ဖြေ တင်ဆက်ခြင်းများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ဖြင့် ပူးပေါင်း၍ ရိုက်ကူးတင်ဆက်လျက်ရှိသည်။ ယခုလေ့ကျင့် ဇာတ်တိုက်လျက်ရှိသော ရွှေမြန်မာအငြိမ့်အမှတ်-၃ အစီအစဉ်သည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ၌ နေပြည်တော်တွင် ခန်းနားစွာ ကျင်းပမည့် “(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး”အတွက် ကြိုဆိုဂုဏ်ပြု လှုံ့ဆော်ရေးအဖြစ် ရုပ်မြင်သံကြား အစီအစဉ်များမှ ရိုက်ကူးထုတ်လွှင့်ပြသနိုင်ရန် လေ့ကျင့်ဇာတ်တိုက်နေခြင်းဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရွှေမြန်မာအငြိမ့်အဖွဲ့သားများကို ဂုဏ်ပြုဆုငွေကျပ် ငါးသိန်းကို ပေးအပ်ချီးမြှင့်သည်။ ရွှေမြန်မာအငြိမ့်အမှတ်- ၃တွင် ခေါင်းဆောင် မင်းသမီး ဇာနည်အောင်၊ ရှေ့ထွက် မင်းသမီး ဝေဖူးငယ်နှင့် လူရွှင်တော်များဖြစ်ကြသော ဝမ်းတူး၊ လမုန့်၊ ကုလားမ၊ ပြည်ချစ်တို့ပါဝင်ကြပြီး တေးသီချင်းများကို ဂီတဝိဇ္ဇာ အောင်ဝမ်းတူးက ရေးစပ်၍ ရွာစား နိုင်လင်းဗိုလ်နှင့်အဖွဲ့က တီးခတ်ထား ကြောင်း သိ ရသည်။
(သတင်းစဉ်)