ကြံခင်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၉ နာရီမှ စတင်ပြီး ကြံခင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း (KG)သို့ အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရန်နှင့် ကျောင်းများအပ်နှံရာတွင် မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမရှိဘဲ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံများ (အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
“၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆင့် ကျောင်းသား/ ကျောင်းသူများ (သင်ရိုးသစ်) သင်ကြားမှုတွင် ဒီနှစ် စတုတ္ထတန်းအောင်သူများ လက်ရှိ မူလတန်းအဆင့်မှာ ပဉ္စမတန်းတက်ရမှာဖြစ်ပြီး အလယ်တန်းအဆင့်မှာ သင်ရိုးသစ် (၇)တန်း (Grade-7) အောင်သူများ(သင်ရိုးသစ်) (၈)တန်း (Grade-8)တက်ရမယ်၊ သင်ရိုးဟောင်း (၇)တန်း (Grade-8) အောင်သူများက သင်ရိုးဟောင်း (၈)တန်း (Grade-9) တက်ရမှာဖြစ်လို့ (၈)တန်းက (သင်ရိုးသစ်နှင့် သင်ရိုးဟောင်း) (၂)တန်းရှိမှာပါ၊ ဒီနှစ်(၉)တန်း (Grade-9) သင်ရိုးသစ်မရှိသေး၍ (၉)တန်းပျောက်သော နှစ်ဖြစ်မယ်၊ နောက် အထက်တန်းအဆင့်မှာက အလယ်တန်းအဆင့်မှ သင်ရိုးဟောင်း(၈)တန်း (Grade-9) အောင်သူများက အထက်တန်းအဆင့် (သင်ရိုးသစ်) (၁၀)တန်း (Grade-10) တက်ရမှာဖြစ်တယ်” ဟု မြို့နယ်ပညာရေးမှူး ဦးအေးထွန်းက ပြောသည်။
ကြံခင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၄)ကျောင်းရှိရာ အ.ထ.ကကျောင်း (၇)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၂)ကျောင်း၊ အ.လ.ကကျောင်း (၈)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၃)ကျောင်း၊ (မူ/လွန် အ.မ.က)ကျောင်း (၃)ကျောင်း၊ အ.မ.ကကျောင်း (၉၈)ကျောင်း၊ (မူ/ခွဲ အ.မ.က)ကျောင်း (၁)ကျောင်း၊ ဘုန်းတော်ကြီးစာသင်ကျောင်း (၂)ကျောင်းနှင့် ကျောင်းများအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)