မိုးနဲ မေ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာများ အခမဲ့ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးက ဆီထွက်သီးနှံနေကြာမျိုးစေ့နှင့် ဓာတ်မြေ ဩဇာအိတ်များ အခမဲ့ထောက်ပံ့ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးကြမည့် တောင်သူ ၂၀ အား တစ်ဦးလျှင် ရေဆင်း(၁) စပ်မျိုး နေကြာမျိုးစေ့ သုံးကီလိုပါ တစ်အိတ်နှင့် မော်နီတာဂျစ်ပ်ဆမ် ၂၅ ကီလိုပါ တစ်အိတ်စီကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူတစ်ဦးချင်းစီ၏လက်ဝယ်အရောက် အခမဲ့ ထောက်ပံ့ပေးခဲ့ကြပြီး တောင်သူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)