နေပြည်တော် ဇွန် ၁
လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် က လုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆေး ရေးရည်မှန်းချက်များကို နားလည်သဘောပေါက်ပြီး ရလဒ်ကောင်းများရရှိစေရန် ဦးဆောင်လမ်းညွှန်မှု ပေးနိုင် သည့် အလယ်အလတ်အဆင့် စီမံခန့်ခွဲသူ၏ အရည်အချင်းများ ပြည့်ဝနေရန် လိုအပ်ကြောင်း။
စစ်ဆေးရေးလုပ်ငန်းစဉ်များကို အရည်အသွေး ပြည့်ဝစွာဆောင်ရွက်နိုင်ရန်ဌာန၊ အဖွဲ့အစည်း၏ အပြုအမူ သဘောတရားကို ကောင်းစွာသိရှိနားလည်မှုသည် အလွန်အရေးကြီးကြောင်း၊ ဌာန၊ အဖွဲ့အစည်းများနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်၍ စစ်ဆေးရေးဆိုင်ရာပြောင်းလဲ ကျင့်သုံးမှုများကို သိရှိ နားလည်စေရေး အသိပေးဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
သင်တန်းသားများအနေဖြင့် Professional Quality ၊ Professional Ethic များ ပိုမိုအားကောင်းစေရေးအစဉ် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးကို အကောင်းဆုံးအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို (၃)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရုံးချုပ်ရှိဌာနခွဲများမှ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်နှင့် ဦးစီးအရာရှိအဆင့် သင်တန်းသား ၄၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)