ပဲခူး ဇွန် ၁
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခွန်ငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးရခြင်း ဖြစ်သဖြင့် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများနှင့် ကြွေးကျန်များကောက်ခံရရှိရေး တွန်းအားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ အခွန်ပုန်း၊ အခွန်ရှောင်များကို ဖော်ထုတ်ရေးယူပြီး အခွန်ထမ်းသစ်များရရှိရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မေလ(၃၁)ရက် မွန်းလွဲ ပိုင်းကကျင်းပသည့် တိုင်းဒေသကြီးအဆင့်အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၂)တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ကျောင်းသုံးပရိဘောဂနှင့် အားကစားပစ္စည်းများ ပြည့်စုံစေရေးနှင့် လုံခြုံရေးအလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့အတူ အခြေခံပညာ ကျောင်းများတွင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာသစ်တောဦးစီးဌာနနှင့် ချိတ်ဆက်၍ပျိုးပင်များ ကြိုတင်စုဆောင်း ထားရန်နှင့် တစ်ပင်စိုက်တစ်ပင်ရှင်စနစ်ဖြင့် ပြုစုထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများကရသင့်ရထိုက်သည့် အခွန်ငွေနှင့် ကြွေးကျန်များ ကောက်ခံနေမှုနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ နွေရာသီ စိုက်ပျိုးရေ ရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေနှင့် ကြွေးကျန်များ ကောက်ခံရရှိမှု၊ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများအေးချမ်း တည်ငြိမ်စွာဆောင်ရွက်နေမှုများ ကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)