ပဲခူး ဇွန် ၃
“ ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံကြပါစို့ “ ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅)နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ဇွန်လ ၂ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် (ဒုတိယနေ့)အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ပဲခူးမြို့ရှိ အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၁၉၉)ဦး၊ အ.ထ.က.(၂)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၆၀)၊ အ.ထ.က(၃) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂၈၆)ဦး၊ အ.ထ.က- မြို့အနောက်(ခ)မှ ကျောင်းသား၊ ကျောင်းသူ(၆၉၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၄၃၅)ဦးတို့အားထိုးနှံပေးလျက်ရှိပြီး အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဝန်ကြီး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်မှုဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)