ရန်ကုန် ဇွန် ၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် စာရေးဝန်ထမ်း ကြီးကြပ်မှု တန်းမြင့်သင်တန်း အမှတ်စဉ်(၈၇)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၉၉)တို့၏ သင်တန်းဆင်း စစ်ရေးပြအခမ်းအနားကို ဇွန် ၃ ရက် နံနက်ပိုင်းက တက္ကသိုလ် စစ်ရေးပြကွင်း(၁)၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က “နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်အနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တတည်း ဟူသော စွမ်းရည်သုံးရပ် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်သည့်အတွက် သင်တန်းကာလအတွင်း လေ့လာဆည်းပူးရရှိခဲ့သည့် အတွေးအမြင်၊ ဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ အသုံးချခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကျိုးရှိရှိ ပါဝင်လာနိုင်မှာဖြစ်ကြောင်း” ပြောကြားသည်။
အဆိုပါသင်တန်းများကို ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ Online ဖြင့် လည်းကောင်း၊ မေ ၉ ရက်မှ ဇွန်၃ ရက်အထိကို In-house ဖြင့်လည်းကောင်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၅၈ ဦး၊ သင်တန်းသူ ၃၀၅ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ် သင်ကြားရေး/စီမံ ဌာနများမှ ပါမောက္ခ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်၊၊
သတင်းစဉ်