ရန်ကုန် ဇွန် ၃
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ ဟိမဝန္တာဝက်ဝံများဖြစ်ကြသည့် ဖေဖေ ဖိုးလုံးနှင့် မေမေ မိဂျမ်းတို့မှ မွေးဖွားထားသော ဟိမဝန္တာဝက်ဝံပေါက်လေးနှစ်ကောင်မှာ ယခုအခါ အသက်(၅) လသား အရွယ်စီရှိနေကြပြီဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ စနစ်တကျ ကောင်းမွန်စွာ ထိန်းသိမ်း ပြုစုစောင့်ရှောက်ထားကြောင်း သိရသည်။
“ဝက်ဝံပေါက်လေး နှစ်ကောင်လုံးက အထီးလေးတွေပါ၊ လောလောဆယ်တော့ သူတို့အတွက် နာမည်မပေးရသေးပါဘူး၊ အသက်(၆)လပြည့်ဆိုပြီ ဆိုရင်တော့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကနေ သူတို့နှစ်ကောင်အတွက် တရားဝင်အမည်ပေးပွဲ ပြုလုပ်သွားဖို့ရှိပါတယ်၊ အသက်(၁)နှစ်ကျော် အရွယ်ရောက်ပြီဆိုရင်တော့ Animal Show ပုံစံပြပွဲတွေမှာ ကပြနိုင်အောင် လေ့ကျင့်ပေး သွားဖို့ရှိပါတယ်”ဟု အနီးကပ်ထိန်းကျောင်း စောင့်ရှောက်နေသူက ပြောပြသည်။
လက်ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)၌ ဟိမဝန္တာဝက်ဝံနှင့် ပသျှူးဝက်ဝံ အမျိုးအစား နှစ်မျိုးအား စောင့်ရှောက်မွေးမြူ ပြသထားပြီး တိရစ္ဆာန်မျိုးစိတ် ၁၃၂ မျိုး၊ တိရစ္ဆာန် အကောင်အရေ ၁၃၆၃ ကောင်ရှိကြောင်း၊ အဆိုပါ တိရစ္ဆာန်များအား ကောင်းမွန်စွာ ထိန်းသိမ်း ပြုစု စောင့်ရှောက်ပြသထားကြောင်း တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ သိရသည်။
သတင်း-ပွင့်သစ္စာ
ဓာတ်ပုံ-စိုးမြင့်အောင်