နေပြည်တော်         ဇွန်    ၃

 

၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အာဇာနည်နေ့ အခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌအဖြစ်‌ ဆောင်ရွက်သည့် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်‌ ဆောင်ရွက်သည့် လုပ်ငန်းကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လုံခြုံရေးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ကြောင်း။

 

ထို့ပြင် အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြသရေးဆပ်ကော်မတီ၊ လွမ်းသူပန်းခွေချ အလေးပြုအခမ်းအနားစီစဉ်ရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) အလံတင်အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီ ၈ ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

အုပ်ချုပ်ထောက်ပံ့မှုအတွက် အာဇာနည်ဗိမာန်အပါအဝင် သက်ဆိုင်ရာနေရာများ သန့်ရှင်းသပ်ရပ်ရေး၊ မြေယာရှုခင်းများ ပန်းအလှပင်များ စိမ်းလန်းစိုပြေရေး၊ လျှပ်စစ်မီး မပြတ်တောက်စေရေး၊ မီးစက်အရန်များ ထားရှိရေးကိစ္စများကို ဆောင်ရွက်ထားရှိရန်၊ ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်တွင် အသိပေး ဥဩသံ ထုတ်လွှင့်ရေး၊ အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မီဒီယာများမှတဆင့် အာဇာနည်နေ့ဆိုင်ရာ အကြောင်းအရာများ၊ အစီအစဉ်များ၊ သီချင်းများ ကြိုတင်ရေးသားထုတ်လွှင့်ရေး၊ ကျောင်းများတွင် အာဇာနည်နေ့နှင့် ပတ်သက်သော စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပလုပ်ရေးတို့ကို ဆောင်ရွက်သွားရန် ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား လုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ရဲမှူးချုပ် ဝင်းမင်းသိန်း၊ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီအဖွဲ့ဝင် လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီး ဦးဘိုဌေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ကောင်စီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာ၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က သက်ဆိုင်ရာလုပ်ငန်း ကော်မတီ၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြကြသည်။

 

ထို့နောက် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်