ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် Global Fund နှင့် ၎င်း၏ Principal Recipients များအကြား ခုခံကျ/ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကျင်းပ

 

နေပြည်တော်၊ ဇွန် ၃

 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် THE GLOBAL FUND မှ အကြီးတန်းရန်ပုံငွေ စီမံခန့်ခွဲမှုမန်နေဂျာ၊ Mrs. Izaskun Gavira ဦးဆောင်သော အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခုခံကျ/ ကာလသားရောဂါ စစ်ဆေးကုသခြင်း၊ ဆေးယဉ်ပါး တီဘီရောဂါကုသခြင်း၊  ငှက်ဖျားရောဂါ ရှာဖွေကုသခြင်းလုပ်ငန်း ပြန်လည် မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆိုင်ရာကိစ္စများ၊ အဆိုပါရောဂါများ ကုသနိုင်ရေး လိုအပ်သည့် ဆေးဝါးများ၊ အထောက်အကူပြုပစ္စည်းများ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ ပြတ်လတ်မှု မရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ အဆိုပါ ရောဂါများထိန်းချုပ်ရေး နှင့် ပတ်သက်၍ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဆက်လက်ကူညီ ပံ့ပိုးနိုင်ရေးကိစ္စရပ်များ၊ GLOBAL FUND အဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးကြသည်။

 

mdn

 

ဆက်လက်၍  ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်၊ တီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစီမံချက်များနှင့်  Global Fund နှင့် ၎င်း၏ ဆက်စပ်အဖွဲ့များ အစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း  ဦးဆောင်၍ကျင်းပခဲ့သည်။

 

အစည်းအဝေးတွင် ကျန်းမာရေးဝန်ထမ်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံ အတွင်း လိုအပ်သော နေရာများတွင် Global Fund မှ  ထပ်မံထောက်ပံ့မှုများကို ၂၀၂၂ ခုနှစ်တွင် သက်ဆိုင်ရာ စီမံချက်များအလိုက် အကျိုးရှိစွာ အသုံးချဆောင်ရွက်နိုင်ရေး၊ ခုခံကျ/ ကာလသား ရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး စီမံချက်များနှင့် အဓိက ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့များအနေဖြင့် အကောင်အထည် ဖော်ဆောင်မည့် လုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ အိတ်ချ်အိုင်ဗီ ကုသဆေးများ၊ တီဘီရောဂါ ကုသဆေးများ၊ ငှက်ဖျားရောဂါ ကုသဆေးများ စဉ်ဆက်မပြတ် ရရှိနိုင်ရေး သက်ဆိုင်ရာစီမံချက်နှင့် အဓိက ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့များမှ အလေးပေးဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်   အရေးကြီးသည့် ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ပြန်လည်အရှိန်အဟုန်မြှင့်တင် နိုင်ရေးအတွက် စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်းများ ဆောင်ရွက်နိုင်ရေးနှင့်  လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ခုခံကျ/ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် လာမည့်နှစ်များတွင် Global Fund ရန်ပုံငွေမှ ဆက်လက်ပံ့ပိုးနိုင်ရေး လုပ်ငန်းများ ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ခုခံကျ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်၊ တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်များမှ တာဝန်ရှိသူများ၊ Global Fund နှင့်ဆက်စပ်အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အဆိုပါ အစည်းအဝေးကို  နေပြည်တော်၌ ဇွန် ၂ ရက်မှ ၃ ရက်အထိ (၂) ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်