နေပြည်တော် ဇွန် ၃
NUG၊ CRPH အပါအဝင် ၎င်းတို့၏ လက်အောက်ခံဖြစ်သော PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များနှင့် ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံခြင်း၊ ဘဏ်များအားလက်နက်ကိုင်ဆောင် အကြမ်းဖက်ဝင်ရောက်၍ ဓားပြတိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ဖမ်းဆီးရမိ
ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ရှိ CB ဘဏ်ခွဲ(၂)အား ယနေ့ညနေပိုင်းတွင် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဓားပြတိုက်လုယက်သွားသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ယနေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် ဘားအံ- မြိုင်ကြီးငူ ကားလမ်း ကြို့ချောင်းကျေးရွာ စစ်ဆေးရေးဂိတ်အနီး၌ လုယက်ယူဆောင်သွားသည့် ငွေကျပ်သိန်း ၁၂၀၀ ကျော်၊ လက်နက်ခဲယမ်းများနှင့်အတူ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ယာဉ်မောင်း သီဟ မောင်းနှင်၍ မောင်မောင်ဦး၊ ကျော်ကျော်၊ ကိုကြက်နှင့် ကုလားတို့ လိုက်ပါလာသည့် Honda Odessy အမျိုးအစား မော်တော်ယာဉ်သည် ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် ဘားအံမြို့ အမှတ် (၉) ရပ်ကွက် ရေကျော်လမ်းရှိ CB ဘဏ်ခွဲ (၂) သို့ ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ လက်နက်ဖြင့် ခြိမ်းခြောက်၍ ဘဏ်အတွင်းရှိ ငွေကျပ် ၁၂၅၄ သိန်းကို ယူဆောင်၍ ထွက်ပြေးသွားခဲ့သည့်အတွက် ဓားပြတိုက်မှုအား ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများကို ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက်၍ ပိတ်ဆို့နိုင်ရေး ဆောင်ရွက်ခဲ့သည်။
အဆိုပါ အကြမ်းဖက်အဖွဲ့သည် ဘားအံ - မြိုင်ကြီးငူ လမ်းကြောင်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့ရာ ကြို့ချောင်းကျေးရွာအနီးရှိ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိစဉ် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရန် ရပ်တန့်စေခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့သည်။
ထိုသို့ ခြောက်လှန့်ပစ်ခတ်စဉ် အကြမ်းဖက်သမားများ၏ မော်တော်ယာဉ်မှာ လမ်းဘေးရှိချောင်းအတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်မောင်း ဖြစ်သူ သီဟကို အသေဖမ်းဆီးရမိကာ မောင်မောင်ဦးနှင့် ကျော်ကျော်တို့ကို Glock ပစ္စတို တစ်လက်၊ ကျည်အိမ် နှစ်ခု၊ ကျည် ငါးတောင့်၊ ဖုန်း တစ်လုံး၊ ဓားပြတိုက် လုယက်ယူဆောင်ခဲ့သည့် ငွေကျပ် ၁၂၅၄ သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်သမား နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် သံလွင်လမ်းအိမ်အမှတ် (၇၇) နေ မောင်မောင်ဦး၊ (၂၆) နှစ် (ဘ) ဦးအောင်မော်သည် လူမှုကွန်ရက်တွင် ခင်မင်ခဲ့သည့် မနှင်းဆိုသူ အမျိုးသမီးနှင့် ချိတ်ဆက်၍ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရှမ်းရွာသစ်ကျေးရွာသို့ လွန်ခဲ့သည့် သုံးလခန့် ကရောက်ရှိကာ အဆိုပါကျေးရွာရှိ CDM လှုပ်ရှားသူများနှင့်အတူ နေထိုင်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ နေထိုင်စဉ် ဖြစ်စဉ်တွင် သေဆုံးခဲ့သည့် သီဟဆိုသူက ဆက်သွယ်လာပြီး အလုပ်လုပ်မည်ဟုပြောဆိုကာ သီဟအပါအဝင် အမျိုးသားလေးဦးက ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် Honda Odessy အမျိုးအစား မော်တော်ယာဉ်ဖြင့် ကျေးရွာမုခ်ဦးသို့ လာရောက်ခေါ်ဆောင်၍ ထွက်ခွာခဲ့ရာ ဘားအံမြို့သို့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိခဲ့ကြောင်း၊ ၎င်းနောက် CB Bank အား ဓားပြတိုက်ပြီး ထွက်ပြေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၁၀၅ လမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြားရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်သူ ကျော်ကျော် (၂၁) နှစ် (ဘ) ဦးကျော်ဇောမှာ ယခင်က စားသောက်ဆိုင်များတွင် လိုက်လံ သီချင်းသီဆို လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ လတွင် CDM ပြုလုပ်ထားသည့် ကျောင်းဆရာမ ဖြစ်သူ မစုဆိုသူနှင့် ခင်မင်ခဲ့ပြီး ၎င်း၏ချိတ်ဆက်ပေးမှုကြောင့် ရှမ်းရွာသစ်ကျေးရွာသို့ ရောက်ရှိ၍ အကြမ်းဖက် သင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ထိုသို့ရောက်ရှိစဉ် ယခင်က ခင်မင်ခဲ့ဖူးသည့် ဘားအံမြို့နေ ထက်မြက်ဆိုသူ၏ ချိတ်ဆက်ပေး မှုဖြင့် ယခုဘဏ်ဓားပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် ထွက်ပြေး လွတ်မြောက်သွားသူနှစ်ဦးမှာ ရှမ်းရွာသစ်တွင် နေထိုင်လျက်ရှိသူ PDF အမည်ခံအကြမ်းဖက်သမား များဖြစ်သည့် ကိုကြက်နှင့် ကုလားတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးလွတ်မြောက်သွားသည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်