ကျောင်းကုန်း ဇွန် ၆

     

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

  

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း က နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်ကျေးရွာရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးစေချင်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်ဟေမာနိုင် က လူမှုရေးပင်စင်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်း လင်းပြောကြားခဲ့သည်။

သက်ကြီးဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့်မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စု တို့မှ သက်ကြီးဘိုးဘွား (၁၀၀၆)ဦးတို့အတွက်‌ စုစုပေါင်းငွေကျပ်(၃၀၁)သိန်းကျော်အား ‌ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ယာယီရဲမှူး အောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂)ဦးတင်မောင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်ဟေမာနိုင်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)