နေပြည်တော် ဇွန် ၆
အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှုပညာဖြင့် လုပ်ငန်းခွင်ဝင်ရောက်နိုင်စေရန်နှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်နိုင်စေရန် ရည်ရွယ်ပြီး "အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း" ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးစံပြ ကျေးရွာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အဖွင့်အမှာစကားပြောကြားပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ငြိမ်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ သင်ထောက်ကူပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်ပစ္စည်းများအား ကြည့်ရှုပြီး ကျေးရွာအတွင်း ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းသို့ သင်တန်းသား(၂၀) တက်ရောက်ကြပြီး သင်တန်းကာလကို ဇွန်လ (၆)ရက်နေ့မှ(၁၉)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြား ပို့ချသွား မည်ဖြစ်သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ရေပြာကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေးနေမှုအား သွားရောက်ကြည့်ရှုကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျေးရွာစီမံကိန်း ရန်ပုံငွေထုတ်ချေးပေနေမှု အခြေအနေအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ရေပြာကျေးရွာတွင် စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကို စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ (၂၄)ဦးအတွက် ငွေကျပ်(၅၈)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၈၃)ဦးအတွက် ငွေကျပ် (၁၄၃)သိန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၈၄)ဦးအတွက် ငွေကျပ်(၁၅၇)သိန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၆)ဦးအတွက် ငွေကျပ်(၁၃)သိန်း၊ စုစုပေါင်းလုပ်ငန်းလုပ်ကိုင်သူ (၁၉၇)ဦး အတွက် ငွေကျပ် (၃၇၁)သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)