နေပြည်တော် ဇွန် ၆
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းမကြီးအကြားရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်တို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မှုကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် အိမ်ခန်းပေါင်း (၅၀၀၈)ခန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ယခု ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်တို့မှ အဆောက်အဦ (၁၉၄)လုံး၊ အိမ်ခန်းပေါင်း (၃၁၀၄)ခန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုတို့ကို မိမိလာရောက်ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ပါကြောင်း၊ အသင်းချုပ်များ၏ လုပ်ငန်းဆောင်ရွက်စဉ် တွေ့ကြုံရမည့် အခက်အခဲများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
အသင်းချုပ်များအနေဖြင့် အိမ်ရာစီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးအတွက် စာချုပ်ပါ စည်းကမ်းများ၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေ့လွင့်မှုမရှိစေရန်နှင့် လုပ်ငန်းများ အောင်မြင်စွာ ပြီးစီးရေးအတွက် ဆက်လက်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း။
အိမ်ရာစီမံကိန်းအတွင်း နေထိုင်မည့်သူများ အဆင်ပြေစေရေးအတွက် ရေ/မီး ရရှိရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးပေးနိုင်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး သစ်ပင်များ စိုက်ပျိုးပေးရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်ဝန်ကြီးနှင့် အဖွဲ့သည် အိမ်ရာတည်ဆောက်ရေး စီမံကိန်းအတွင်း တည်ဆောက်ပြီးအိမ်ရာများနှင့် တည်ဆောက်ဆဲအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ပြည်သူအငှားအိမ်ရာစီမံကိန်း အဆောက်အဦ (၁၉၄)လုံး၊ အိမ်ခန်းပေါင်း (၃၁၀၄)ခန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်းများအသင်းချုပ်မှ အဆောက်အဦ (၉၇)လုံးတွင် (၅၉)ရာခိုင်နှုန်း ပြီးစီး၍ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်မှ အဆောက်အဦ (၉၇)လုံး ဆောင်ရွက်ရာ (၅၁)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး၍ စုစုပေါင်း အိမ်ရာစီမံကိန်းလုပ်ငန်းများ ပျမ်းမျှ (၅၅)ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


