နေပြည်တော် ဇွန် ၇
ရှမ်းပြည်နယ်၏ ကော်ဖီနှင့် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် အားကောင်းလာစေရေး အတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ကော်ဖီကို စီးပွားဖြစ် ထုတ်ကုန်တစ်ခုအဖြစ် ဆောင်ရွက်ရန် ရွာငံ၊ နောင်ချို ၊ ပင်လောင်း၊ ဟိုပုံး စသည့် ကော်ဖီအဓိက စိုက်ပျိုးနေသည့် ဒေသများရှိ တောင်သူ အစုအဖွဲ့များကို အားပေးပြီး ကော်ဖီစိုက်ပျိုးသည့် ဧရိယာတိုးချဲ့ရေး၊ ဒေသနှင့် သင့်တော်ပြီး ဈေးကွက်က နှစ်သက် လိုလားသည့် ကော်ဖီမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ အထူးတန်းဝင် ကော်ဖီ ရရှိရေး အတွက် ထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များ အဆင့်မြှင့်တင်အသုံးပြုရေး၊ အလားတူ အရည်အသွေးကောင်း လက်ဖက်စို လက်ဖက်ခြောက်များ ထွက်ရှိရေးနှင့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရန် စိုက်စနစ်များ၊ စိုက်ခင်းပုံစံများ၊ မျိုးများ စနစ်တကျ ပြန်လည်ဆောင်ရွက်ပေးရေးဆိုင်ရာကိစ္စ၊ ရှမ်းပြည်နယ်၏ အဓိက ထုတ်ကုန်တစ်ခုဖြစ်သော ပြောင်းဖူးသီးနှံနှင့် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်ထုတ်လုပ်မှု မြှင့်တင်ရေး၊ ပြောင်းဖူးစိုက်ပျိုး ထုတ်လုပ်ရာတွင် ရိတ်သိမ်းချိန်လွန် နည်းပညာ အသုံးပြုနိုင်ရေး၊ ဆီထွက်သီးနှံများ တိုးချဲ့ စိုက်ပျိုးပြီး ရှမ်းပြည်နယ်ကို မြန်မာနိုင်ငံ၏ တတိယ ဆီအိုးကြီးအဖြစ် အကောင်အထည် ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေ တိုးတက်ရေး၊ လူမှုစီးပွားမြှင့်တင်နိုင်ရေးအတွက် တောင်သူများစိုက်ပျိုးထွက်ရှိလာသည့် ကော်ဖီသီးနှံများ ရောင်းဝယ် ဖောက်ကားခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်း လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖြည့်ဆည်း ကူညီပေးသွားမည့် အခြေအနေများ၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်သူများနှင့် လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ ကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ သမဝါယမချေးငွေဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစည်းအဝေး တက်ရောက် လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။
မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်မြင့်ဖြင့် ကမ္ဘာ့ဈေးကွက်တွင် ထိုးဖောက်နိုင်ရေးနှင့် ပြည်ပသို့ အဓိက တင်ပို့သည့် ကုန်စည်တစ်ခု ဖြစ်စေရေးအတွက် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု၊ ပြုပြင်ထုပ်ပိုးမှု၊ ရင်းနှီးမြုပ်နှံမှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု စသည့် ကွင်းဆက်တစ်လျှောက် အရှိန်အဟုန် ကောင်းစွာ ဖွံ့ဖြိုးလာစေရန် ကော်ဖီဗဟိုအဖွဲ့ကို ဆက်စပ်ဝန်ကြီးဌာနများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများဖြင့် ပေါင်းစပ်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌ၊ ကော်ဖီထုတ်လုပ် ရောင်းဝယ်တင်ပို့သူများအဖွဲ့နှင့် ကော်ဖီစိုက်ပျိုးသူအဖွဲ့များ စသည့် ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ လည်းပါဝင်ကြောင်း၊ ကော်ဖီဗဟိုအဖွဲ့အနေဖြင့် ကော်ဖီစိုက်ဧရိယာ တိုးချဲ့ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်အသုံးပြုရေး၊ အထွက်နှုန်း တိုးတက်ရေးနှင့်အတူ အထူးတန်းဝင် အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရေးနှင့် ပြည်ပဈေးကွက်တိုးချဲ့ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွာငံဒေသတွင် ကော်ဖီစိုက်ဧက ၇၀၀၀ ကျော် ၊ နောင်ချိုဒေသတွင် ကော်ဖီစိုက် ဧက ၁၀၀၀၀ ကျော်ရှိကာ ရှမ်းပြည်နယ် ၌ စုစုပေါင်းကော်ဖီစိုက်ဧရိယာ ဧက ၂၇၀၀၀ ကျော်ရှိသည့်အတွက် တစ်နိုင်ငံလုံး ကော်ဖီစိုက် ဧရိယာ၏ ထက်ဝက်ကျော်ရှိနေပြီး ကော်ဖီတိုးတက်စိုက်ပျိုး ထုတ်လုပ်ရန် အခြေခံ ကောင်းများ ရှိနေကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာ ကော်ဖီစိုက်ခင်းအနီးတွင် မြန်မာနိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူများ၊ ကော်ဖီအစုအဖွဲ့ ကိုယ်စားလှယ်များ၊ လုံဟေး၊ တုတ်စောက်၊ တမ်းဖုရား၊ ငိုချီးကျေးရွာများမှ ကော်ဖီစိုက်တောင်သူများအား တွေ့ဆုံ၍ လက်ရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေများ၊ အထူးတန်းဝင် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးအတွက် ဝန်ကြီးဌာန၊ ပြည်နယ်အစိုးရနှင့် ကော်ဖီစိုက်တောင်သူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကျေးလက်ဒေသနေ ပြည်သူများ၏ မိသားစုဝင်ငွေ တိုးတက်စေရေးအတွက် အိမ်တွင်းမှု လုပ်ငန်းများ ဆောင်ရွက်ရန် သင်တန်းများ စီစဉ်ပေးခြင်းနှင့် လုပ်ငန်းလည်ပတ်ရန် ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေမှုတို့ကို ရင်းနှီးခင်မင်စွာ ဆွေးနွေးကြပြီး ဒေသနေပြည်သူများ၏ ကုန်ထုတ်လမ်းနှင့် ကျေးလက်လမ်း ရရှိရေး၊ လျှပ်စစ်မီးအသုံးပြုနိုင်ရေး တင်ပြချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က အရည်အသွေးကောင်း ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးအတွက် လိုအပ်သော အထောက်အကူပြု ပစ္စည်းများကို ပေးအပ်ကြရာ ကော်ဖီအစုအဖွဲ့ ကိုယ်စားလှယ်များက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုပုံးမြို့ အလင်းပွင့်ကော်ဖီစေ့သန့်စင်စက်ရုံသို့ ရောက်ရှိကြပြီး ကော်ဖီအခွံချွတ်စက်၊ ကော်ဖီစေ့သန့်စင်စက်များဖြင့် ကော်ဖီစေ့ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်