ကျောက်ဖြူ ဇွန် ၇
၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာ၊ ကံ့ကော်တောဘုရားအနီး၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ စိုက်ပျိုးရန် ပျိုးပင်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သို့ လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ခရိုင်အမျိုးသမီးရေးရာအဖွဲ့သို့ လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့သို့ လည်းကောင်း၊ ပြည်နယ်လူမှုဝန်ကြီးက ကံ့ကော်တောဘုရားဂေါပကအဖွဲ့သို့ လည်းကောင်း ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ကျွန်း၊ ပျဉ်းကတိုး၊ ပင်လယ်ကဗွီးပင်များကို သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တပျော်တပါး သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်းနက်၊ ကံ့ကော်၊ စိန်းပန်း၊ ပင်လယ်ကဗွီး၊ မယ်ဇလီနှင့်မန်ဂျန်ရှား စသည့် ပျိုးပင်ပေါင်း ၆၀၀ ကျော်ကို စိုက်ပျိုးပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ပေါ်တော်မူဘုရားအား သွားရောက်ဖူးမြော်ကြပြီး ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ကြကာ ဘုရားကြီးအား ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်