နေပြည်တော် ဇွန် ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇွန် ၆ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် ရခိုင်ပြည်နယ်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက “ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဓိက လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်ကြောင်း၊ ဦးစီးဌာနများ အနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီရေး အလေးထားဆောင်ရွက်ရန် လိုကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အစီအမံများလည်း ဆောင်ရွက်ထားရန် လိုကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက် စေရေးအတွက် ထိန်းသိမ်းရေးအပိုင်းများကိုလည်း အဓိကထား ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများကို ညီညီညွတ်ညွတ်တွေ့ရှိရသည့်အတွက် မိမိအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည်လည်း အဓိကကျပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ သတ်မှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အလေးထားလိုက်နာဆောင်ရွက်ရန် လိုကြောင်း၊ ဝန်ထမ်းများ၏ အခွင့်အရေးများကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန်စွာဖြင့် စေတနာထားဆောင်ရွက်ရန်” မှာကြားသည်။
ထို့နောက် အဆောက်အဦဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်က လုပ်ငန်းပိုင်း ဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်တို့ကို ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်