ဒလ ဇွန် ၇

 

ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေကြစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၌ ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဒလမြို့နယ်ဘက်ခြမ်းရှိ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ အလုံးစုံ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်မှ သိရသည်။

 

တွံ့တေးတူးမြောင်းအား ဖြတ်သန်း၍   ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်အား ဆက်သွယ်တည်ဆောက်နေသည့် ဆိပ်ကြီးခနောင်တိုတံတားအား ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကုန်ကျခံ ဆောင်ရွက်နေခြင်းဖြစ်ပြီး တံတားချဉ်းကပ်လမ်းအတွက် ငွေကျပ် ၂ ဘီလီယံနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းအတွက် ငွေကျပ် ၃၂ ဘီလီယံ စုစုပေါင်းငွေကျပ် ၃၄ ဘီလီယံအကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ကာ တည်ဆောက်ရေးအဖွဲ့(၁)မှ ကျွမ်းကျင်အင်ဂျင်နီယာ ၂၀ ဦးနှင့် ကျွမ်းကျင်လုပ်သား ၁၅၀ ကျော်တို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ဒလမြို့နယ်ဘက်ခြမ်းရှိ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်သောကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၂၀၀၀ ဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ဘက်ခြမ်းရှိ ဘိုးပိုင်တူးဖော်ခြင်းလုပ်ငန်းများနှင့် ဒလမြို့နယ်ဘက်ခြမ်းရှိ Pier (တိုင်) လုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကာ တံတားတစ်စင်းလုံး တည်ဆောက်ပြီးစီးမှု ၁၈ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တံတားတည်ဆောက်ရေးစီမံကိန်း တာဝန်ခံဖြစ်သည့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇင်ထွေးထံမှ သိရသည်။

 

“မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်းမှာ ဂျိုးဖြူရေချိုပိုက်လိုင်းကြီးကို ထည့်သွင်းဆောင်ရွက်ပေးထားတာမို့  ဆိပ်ကြီးခနောင်တိုတံတား စတင်တည်ဆောက်စဉ် အချိန်မှာတုန်းကတည်းက ရေချိုပိုက်လိုင်း ထည့်သွင်းဆောင်ရွက်ဖို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ထည့်သွင်းစဉ်းစားခဲ့ပါတယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်က ပြည်သူတွေအတွက်လည်း ရေချိုအခက်အခဲရှိတာ ဖြစ်တဲ့အတွက်ကြောင့် ဆိပ်ကြီးခနောင်တို တံတားပေါ်ကနေ ဖြတ်သန်းပြီး ရေချိုပိုက်လိုင်းသွယ်တန်းဖို့ကို Design တွက်ချက်ထားပြီးဖြစ်သလို YCDC ရေပေးဝေရေးဌာနကလည်း ထည့်သွင်းဆောင်ရွက်ဖို့ ညှိနှိုင်းလာတဲ့အတွက် ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ရာမှာ ဂျိုးဖြူရေချိုပိုက်လိုင်းကြီးကို ထည့်သွင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တံတားတည်ဆောက်ရေး စီမံကိန်းတာဝန်ခံဖြစ်သည့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇင်ထွေးက ရှင်းပြသည်။

 

ဆိပ်ကြီးခနောင်တိုတံတား၏ အရှည်မှာ ၇၄၀ မီတာရှိမည်ဖြစ်ပြီး နှစ်လမ်းသွား သံမဏိသံပေါင်ခုံး (Neilsen Arch Bridge) တံတားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၁ ပေ ၆ လက်မစီပါဝင်မည်ဖြစ်ကြောင်း၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ ပေ(၁၅)မီတာနှင့် အကျယ် ၄၅၉ ပေ(၁၄၀)မီတာစီရှိကာ တံတားခံနိုင်၀န်(ခွင့်ပြုယာဉ်အလေးချိန်)မှာ ယာဉ်တစ်စီးချင်း(၇၅)တန်ဖြစ်ကြောင်း၊ ပင်မတံတားခန်းဖွင့်အနေဖြင့် ခန်းဖွင့်အကျယ် ၁၆၀ မီတာရှိသည့် သံမဏိ သံပေါင် ခုံးတံတား (၁)ခန်းနှင့် ခန်းဖွင့်အကျယ် ၄၅ မီတာစီရှိသည့် Steel Box Girder (၂)ခန်း၊ ဆိပ်ကြီးခနောင်တိုဘက်ကမ်း၌ ချဉ်းကပ်တံတားခန်းဖွင့် အကျယ် ၃၀ မီတာ (၈)ခန်းနှင့် ခန်းဖွင့် အကျယ် ၂၀ မီတာ (၁) ခန်း၊ ဒလဘက်ကမ်း၌ ချဉ်းကပ်တံတားခန်းဖွင့် အကျယ် ၃၀ မီတာ (၇)ခန်းနှင့် အကျယ် ၂၀ မီတာ (၁)ခန်းစီတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး  တံတားအောက်ခံ အုတ်မြစ်များအား သံကူကွန်ကရစ်ဘိုးပိုင်များဖြင့် တည်ဆောက်ထားကာ  အပေါ်ထည်ပင်မတံတားမှာ  သံမဏိ သံပေါင် ခုံးတံတား (Neilsen Arch Bridge)နှင့် Steel Box Girder ဖြစ်၍ ချဉ်းကပ်တံတားများအား PC Girder များဖြင့် တည်ဆောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါ ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ပြီးစီးပါက မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားနှင့် ချိတ်ဆက်သွားလာနိုင်တော့မည်ဖြစ်ရာ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်တို့မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များကဲ့သို့ တစ်ပြေးညီ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ယခုအခါ လမ်းဦးစီးဌာနမှလည်း တွံတေး- ဒလ လမ်းအား အကျယ်(၂၄)ပေရှိသည့် ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ဆိပ်ကြီးခနောင်တိုတံတား၊ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားနှင့် ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဆိုပါက ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရန်ကုန်မြို့သို့ မိနစ် (၂၀)အတွင်း ရောက်ရှိနိုင်မည်ဖြစ်သောကြောင့် ရန်ကုန်မြစ်၏ အနောက်တောင်ကမ်းပေါ်ရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်ရေးစီမံကိန်းအတွက် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လာမည့်  ၂၀၂၅ ခုနှစ်၊ မတ်လကုန်ပိုင်း၌ တံတားသစ် ခန့်မှန်းတည်ဆောက်ပြီးစီး ရန်လျာထားကြောင်း ဆောက်လုပ်ရေး၀န်ကြီးဌာနမှ သိရသည်။

 

သတင်း(ပွင့်သစ္စာ)

ဓာတ်ပုံ(စိုးမြင့်အောင်)