နေပြည်တော် ဇွန် ၇
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၇ ရက်က ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ကျင်းပရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို တပ်ကုန်းမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တပ်ကုန်းမြို့နယ်အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တတိယဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက လည်ကောင်း၊ ဒုတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လည်ကောင်း၊ ပထမဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပထမဆု ရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် နေပြည်တော်ကောင်စီမှ ချီးမြှင့်ငွေကျပ် ၂၁၀၀၀ဝ အား ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကို ဇွန် ၂ ရက်မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး နေပြည်တော်ရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်)