နေပြည်တော် ဇွန် ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဖမ်းဆီး/သိမ်းဆည်းရမိ ပစ္စည်းများနှင့် မော်တော်ယာဉ်များအား မြန်မြန်ဆန်ဆန် စီမံခန့်ခွဲဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၆ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က “တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်မှုမှ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမိသော ယာဉ်နှင့် ပစ္စည်းများကို မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ မှန်ကန်မြန်ဆန်စွာစီမံခန့်ခွဲရေး၊ ဖမ်းဆီးရမိ ယာဉ်ပစ္စည်းများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူတရားစွဲဆိုမှုများ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရေး ကိစ္စရပ်များအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ မလိုလားအပ်သော အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များကြောင့် ပြည်သူ့ဘဏ္ဍာများ လျော့နည်းဆုံးရှုံးပျက်စီးမှု မရှိစေဘဲ စနစ်တကျအပ်နှံနိုင်ရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အကျိုးရှိစွာ ပြန်လည်အသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်း” ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့်ဌာနများမှ ကိုယ်စားလှယ်များက မိမိတို့နှင့်သက်ဆိုင်ရာ ကိစ္စရပ်များ အလိုက် ရှင်းလင်းတင်ပြဆွေးနွေးကြပြီး၊ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့သည်။ အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာဌာနများမှ ဌာနအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်