သနပ်ပင် ဇွန် ၇

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇွန် ၇ ရက် နံနက်ပိုင်းက သနပ်ပင်မြို့နယ်သို့ ပညာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာ အထက်တန်းကျောင်း(သနပ်ပင်)သို့ ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းအတွင်း ရေဝင်ရောက်မှုကာကွယ်ရန် မြေဖို့ဆောင်ရွက်ပြီးစီးမှု၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုနှင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းအတွင်း ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အခြေခံပညာ အထက်တန်းကျောင်း(သနပ်ပင်)၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေသည့် ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား အာဟာရမုန့်နှင့် အအေးဘူးများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းအတွင်း အားကစားပြိုင်ပွဲများအတွက် အားကစားအထောက်အကူပြုပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မွန်းမံသင်တန်းတက်ရောက်နေသော အသစ်ခန့်ထားသည့် ဆရာ/ဆရာမများအတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသို့ သွားရောက်၍ ငါးကြင်း၊ ငါးမုတ်၊ ငါးသိုင်း၊ ငါးဖယ်အောင်း၊ တောင်ပေါ်ငါးသလောက်နှင့် ငါးခုံးမကြီးများ မျိုးငါးမွေးမြူထားရှိမှုနှင့် ငါးသားပေါက်များ မွေးမြူထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသငါးမျိုးများ မျိုးတုန်းမှုမရှိစေရေးနှင့် နှစ်စဉ်ငါးမျိုး စိုက်ထည့်မှုတိုးတက်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ (ပဲခူး-သနပ်ပင်-ခရမ်း-သံလျင်) လမ်းပေါ်ရှိ မြို့တွင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် သနပ်ပင်မြို့တွင်း လမ်းဘေးဝဲယာ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ရပ်ကွက်/ကျေးရွာများအလိုက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် မှာကြားခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဈေးပိုင်းရပ်ကွက်နေ ဦးမောင်၏ နေအိမ်၌ ဇီဝဇိုးငှက်သဘာတအတိုင်း မွေးမြူထားရှိမှုအား ကြည့်ရှုခဲ့ပြီး သဘာဝငှက်သိုက် ဈေးကွက်တစ်ခု ရရှိစေရေးနှင့် တိရစ္ဆာန်မှ လူသို့ကူးစက်ရောဂါမဖြစ်စေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီးနောက် သနပ်ပင်မြို့အဝင် ဘုရားကြီးပိုင်း ကန်ညီနောင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟင်္သာကုန်း ဓာတ်လှေကားတည်ဆောက်နေမှု၊ ပဲခူးမြို့မဈေး (၂)ထပ်ဆောင်နှင့် ဗဟိုကုန်စိမ်းသားငါးဈေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)