နေပြည်တော်  ဇွန် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ရှမ်းပြည် နယ်တောင်ပိုင်းအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက တောင်ကြီးမြို့ရှိ သမဝါယမ စာရင်းရေး စာရင်းကိုင်သင်တန်းကျောင်းသို့ရောက်ရှိပြီး ဇွန် ၁၆ ရက်တွင် သင်တန်း များ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်သင်ကြားပို့ချနိုင်ရေးအတွက် သင်ကြားပို့ချမည့်စာသင်ခန်းများ၊ ကျောင်းဆောင်များ၊ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးကာ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးသည်။ 

ထို့နောက်  သမဝါယမစာရင်းရေးစာရင်းကိုင်သင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီးက သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်း ဖွင့်လှစ်ရန် စီစဉ်ထားရှိမှု အခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အကြောင်း အမျိုးမျိုးကြောင့် အခြေခံပညာ အဌမတန်း အောင်မြင်ပြီး ပညာဆက်လက် သင်ကြားရန် အခက်အခဲရှိသူများကို သမဝါယ မစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း (၂)နှစ်တက်ရောက် ပြီးပါက သိအမှတ်ပြု လက်မှတ်ရရှိမှာဖြစ်ကြောင်း၊ ပြင်ပတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်မှာဖြစ်ကြောင်း၊ သမဝါယမ ဒီဂရီကောလိပ် သို့လည်း ပေါင်းကူးဆက်လက် တက်ရောက် နိုင်မှာဖြစ်ပြီး (၂)နှစ်တက်ရောက်ပြီးပါက ဒီပလိုမာ လက်မှတ်ရရှိမှာဖြစ်ကြောင်း၊ သင်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် ကျောင်းဆင်း ပါက အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက် ပေးရန်နှင့် သင်ကြားရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် ဆွေးနွေးမှာကြားပြီး သင်တန်းသားများအတွက်  အားကစားပစ္စည်များ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရရယူသည်။ 
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာ၌ အိမ်ခြေ ၁၂၀ လူဦးရေ ၅၉၆ ဦး သောက်သုံးရေဖူလုံစွာရရှိရေး ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် အရှည် တစ်မိုင် လေးဖာလုံ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု ကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံ ကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဘက်စုံသုံးခန်းမ အလျား ပေ ၅၀၊ အနံပေ ၄၀ ၊ အမြင့် ၁၂ ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ဆတ်သေကျေးရွာတွင် ရပ်စောက်မြို့နယ် သမဝါယမ အသင်းစုမှ စမ်းသပ်ထုတ်လုပ် လျက်ရှိသည့် စွမ်းထက်သဘာဝ ဓါတ်မြေဩဇာထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ ဆွေးနွေးမှာကြား သည်။
    
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာတွင် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူဦးရေ ၄၂၉ ဦး အကျိုးပြုမည့် ကျေးရွာတွင်း အရှည်ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု  ကိုလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် တည်ဆောက် ထားသော ဘက်စုံ သုံးခန်းမ၌ ကျေးရွာနေပြည်သူများ၊ မြစိမ်းရောင်စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံ၍ ကျေးရွာ ကော်မတီဝင်များက စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အသင်းသား (၁၀၃)ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
    
ယင်းနောက် ရပ်စောက်ဒေသရှိ သရက်စိုက်တောင်သူအစုအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်တွင်း ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေနှင့် သရက်စိုက်တောင်သူများအတွက် သရက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေး သင်တန်းဖွင့်လှစ် ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။ 

(သတင်းစဉ်)