နေပြည်တော် ဇွန် ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  ကျောက်ဖြူ ပညာ ရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး  အဆိုပါကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ရခိုင် ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပထမနှစ် ပထမနှစ်ဝက်သင်တန်းသား သင်တန်းသူများ၊ ပထမနှစ် ဒုတိယနှစ်ဝက် သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက  သင်တန်းသား သင်တန်းသူများ အနေဖြင့် ယခုကတည်းက မိမိတို့သင်ကြားရသည့်ဘာသာရပ်များကို ထူးချွန်စွာ တတ်မြောက်သူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ ဆရာကိုယ်တိုင်ထူးချွန်မှ ထူးချွန်သည့်ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ပညာရေးမိသားစု အချင်းချင်း မနာလိုမှု၊ မုန်းတီးမှု မရှိစေဘဲကိုယ်ချင်းစာတရား၊မေတ္တာထား၍ ဆက်ဆံကြစေလိုပါကြောင်း။

 မိမိတို့ ဒေသ၊ ရခိုင်ပြည်နယ်ရှိ ကျောင်းသားကျောင်းသူများကို ပညာတတ်၊ လူတော်လူကောင်းများဖြစ်အောင် မိမိတို့ဒေသရှိ ဆရာဆရာမများအားလုံး ဝိုင်းဝန်း လက်တွဲ၍ ညီညီညွတ်ညွှတ် ပြုစုပျိုးထောင်သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ သင်ကြားရာတွင်လည်း ဆင်းရဲခြင်း၊ချမ်းသာခြင်း စသည့်မည်သည့်ခွဲခြားမှုမျိုးမှ မရှိစေဘဲ စေတနာအပြည့်ဖြင့် အမှန်တကယ်တတ်အောင် သင်ကြားပေးကြ စေလိုပါ ကြောင်း၊ စာတတ်အောင်သင်ကြားရုံသာမက လိမ္မာရေးခြားရှိအောင်၊ မျိုးချစ်စိတ် နိုင်ငံချစ်စိတ် ရှိအောင်၊ယဉ်ကျေးလိမ္မာအောင်လည်း သင်ကြားပေးကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်အောင် ကြိုးစားဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။
 ထိုမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဖြူမြို့နယ် အမှတ်(၁) အခြေခံ ပညာမူလတန်းကျောင်း(အစိုးရရပ်ကွက်)သို့ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးကြသည်။     

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကျောက်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မင်းပြင်)သို့ သွားရောက်၍ အဆိုပါကျောင်းခန်းမ၌ ပြည်နယ်၊ခရိုင်၊မြို့နယ် ပညာရေးမှူးများ၊ အဆိုပါဒေသ ဝန်းကျင်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက် လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ကျောင်းသားကျောင်းသူများအား အမှန်တကယ်ပညာ တတ်မြောက်ရေးအတွက် စေတနာ၊ဝါသနာ၊အနစ်နာအရင်းခံ၍ သင်ကြားပေးကြ စေလိုပါကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများက သိလိုသည်များကို ဆွေးနွေးဖြေကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာအလယ်တန်းကျောင်း (ပြိုင်းစေ့ကေ)၊ အခြေခံပညာအလယ်တန်းကျောင်း(အုန်းတော)၊ အခြေခံပညာ အထက်တန်းကျောင်း(ဂုံးချွိန်)၊ အခြေခံပညာမူလတန်းကျောင်း (အောင်မြေသာ)နှင့် အခြေခံပညာမူလတန်းကျောင်း(ဂုံးချွိန်)သို့သွားရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
(သတင်းစဉ်)