မောင်သိန်းဆိုင်

ယမန်နေ့မှအဆက်


ကိုမောင်မောင်ဦး ရယ်လိုက်မိသည်။ စကားဝိုင်းမှ သူ အလျင်စလို ထလာမိ ခြင်း၊ မျက်နှာပျက်ခဲ့ခြင်းများကို ပူစူးမ အကဲခတ်မိခဲ့ဟန် တူသည်။ ကိုမောင် မောင်ဦးမျက်နှာညိုသည်ကို တွေ့ခဲ့ဟန် တူသည်။
“လေးလေး အမှန်ပြောမယ်နော်။ ပူစူး ပြောတာကို သဘောမကျစရာ မရှိဘူး။ စိတ်လည်းမဆိုးဘူး”
သူ့စကားကို ပူစူးမ ယုံကြည်ဟန်မတူ။ 
“ပူစူးပြောတာကို လေးလေးစိတ်ဆိုး သွားပါတယ်”
“ဪ၊ ကလေးရယ်။ ကလေးကို လေးလေး   တကယ်စိတ်မဆိုးပါဘူး။            ကဲ ဒါကို မေ့ထားလိုက်ရအောင်နော်”
ပူစူးမ၏   မျက်ဝန်းကလေးမှာ ပိုမို တောက်ပြောင်လာသည်။ ကိုမောင်မောင်ဦး က အဘယ်မျှ နှစ်သိမ့်သည်ဆိုစေ ထို ကလေးမမှာ သူအမှားတစ်စုံတစ်ရာကို ကျူးလွန်မိခဲ့ပြီဟု ယုံကြည်ထားဟန် တူသည်။  ယင်းအမှားအတွက်လည်း စိတ်ထိခိုက်မိပုံရသည်။  မျက်ရည်စက် ကလေးများ ပါးပြင်ပေါ်သို့ လိမ့်လျှော ကျဆင်းလာသည်။
“ပူစူးကို ရိုက်ပါ လေးလေး” 
“ဟင်” 
“လေးလေး မကျေနပ်တာရှိရင် ပူစူး ကို ရိုက်ပါ”
ကိုမောင်မောင်ဦးသည် ပူစူးမကို ရင်၌ တင်းကျပ်စွာ    ဖက်ထားလိုက်သည်။ ထိုကလေးမသည် မိမိအား အဘယ်မျှ တွယ်တာသည်။ အဘယ်မျှ မိမိ၏ အငြို အငြင်မခံယူလိုဘဲရှိသည်များကို စဉ်းစား တတ်လာသည်။
“လေးလေးမှာ မကျေနပ်တာလည်း မရှိဘူး၊ ပူစူးကိုလည်း မရိုက်ရက်ပါဘူး ကွယ်”
ကိုမောင်မောင်ဦး၏ရင်ထဲမှာ လှုပ်ရှား လာသည်။ ဆို့ဆို့နင့်နင့် ဖြစ်လာမိသည်။ အဘယ်ကြောင့် သည်ပြဿနာ သည်မျှ မြန်မြန်ဆန်ဆန်   ဖြစ်လာရပါလိမ့်ဟု မကျေမချမ်း တွေးမိသည်။
“မာမီကပြောတယ်။ လေးလေး စိတ်ဆိုး သွားပြီတဲ့။ သွားတောင်းပန်ချေတဲ့”
နားအနီးမှ ကပ်၍ပြောနေသော ပူစူးမ ၏အသံကို ကြားရသည်။  ကိုယ်ချင်း ခွာကာ  မျက်နှာကလေးကို  လက်နှစ် ဖက်ဖြင့် ညှပ်ကိုင်လိုက်သည်။
“ဒီမယ်၊ လေးလေး ပြောမယ်။ လူကြီး တွေဟာ ကလေးတွေကို ဘယ်တော့မှ စိတ်မဆိုးရဘူး။ စိတ်ဆိုးတဲ့လူကြီးတွေ ဟာ ငရဲကြီးတတ်တယ်သိလား။ ဒီတော့ လေးလေး ပူစူးကို ဘယ်တော့မှ စိတ်မဆိုး ဘူးလို့ မှတ်ထားနော်”
ပူစူးမ၏မျက်နှာမှာ ပြန်လည် ငြိမ်သက် လာသည်။ အနည်းအပါးဆိုသလို ရွှင်ပျ လာသည်။
“တကယ်နော် လေးလေး” မေးဖော် ရလာသည်။ 
“တကယ်ပေါ့ ကလေးရဲ့”
ကိုမောင်မောင်ဦးသည်    ပူစူးမ၏ ပါးပြင်မှ   မျက်ရည်များကို  သုတ်ပေး သည်။ ရွှင်ရွှင်ပျပျ    ဖြစ်လာစေရန်             သူကိုယ်တိုင် ပြုံးလိုက်ရသည်။
ပူစူးမသည်    ကိုမောင်မောင်ဦး၏ ပေါင်ပေါ်သို့ တက်ထိုင်သည်။ လည်ပင်း ကို သိုင်းဖက်ဖော်ရလာပြီ။ ပါးကို နမ်းဖော် ရလာသည်။
“ပူစူးလေ၊  လေးလေးကို  သိပ်ချစ် တယ်။ လေးလေးကရော”
“သိပ်ချစ်တာပေါ့ ”
ပူစူးမသည် တစ်ခဏချင်းမှာပင် ပြန်လည် ရွှင်ပျလာသည်။   မျက်နှာကလေးမှာ ပြုံးလာသည်။   မျက်ရည်မခြောက် သေးသော   မျက်ဝန်းကလေးများဖြင့် ပြုံးခဲ့ခြင်း ဖြစ်ပါသည်။
“လေးလေး” 
“ဟင်” 
“လေးလေးမှာ ပူစူးတို့လို သမီးကလေး မရှိဘူးလားဟင်”
“ဟင် ... ဟင်”
ကိုမောင်မောင်ဦး၏ရင်မှာ ထိတ်ခနဲ ဖြစ်သွားသည်။ အသည်းနှလုံးကို လက်ဖြင့် ဆွဲယူဆုပ်ခြေလိုက်သည့်နှယ်ဖြစ်သည်။ မမျှော်လင့်၊   မထင်မှတ်သော  အမေး၊       ပြီး-နှလုံးသည်းပွတ်ကို   တိုက်ရိုက်ထိ ခိုက်နိုင်စွမ်းရှိသော အမေး။ ထို့ကြောင့် ကိုမောင်မောင်ဦး တုန်တုန်လှုပ်လှုပ်ကြီး ဖြစ်သွားရသည်။
မျက်လုံးများမှာ ဝိုင်းစက် ပြူးကျယ် သွားရသည်။   ပါးစပ် အဟောင်းသား ဖြစ်သွားရသည်။ ‌ဪ မသိကျိုးကျွန် နိုင်လှသည့်ကလေး။ သည်အမေးကိုမှ မေးရက်ပလေ။
“လေးလေး ပူစူးကို စိတ်ဆိုးသွားပြန်ပြီ လားဟင်”
မျက်နှာရိပ် မျက်နှာကဲကိုကြည့်ကာ ပူစူးမက စိုးရိမ်မကင်း ဖြစ်သွားသလိုမေး သည်။   သူ့မျက်နှာပေါ်မှ   အပြုံးသည် ပျောက်ကွယ်သွားပြန်သည်။
ကိုမောင်မောင်ဦးသည် လစ်ဟင်းသွား သော သတိကို   ပြန်လည်ထိန်းချုပ်ရ သည်။  ပျက်ယွင်းသွားသော  ဣန္ဒြေကို ဆည်ရသည်။
စိတ်မဆိုးပါဘူးဆိုကာ  မျက်နှာကို ပြုံးပြရသည်။
ဆို့ဆို့နင့်နင့်ရှိလာသောကာလတွင် ပြုံးရခြင်းဟူသည်  အဘယ်မျှခက်ခဲ လှကြောင်းကို ကိုမောင်မောင်ဦး နားလည် လာသည်။
ပူစူးမ စကားဆက်သည်။
“မာမီကပြောတယ်။ လေးလေးဟာ ပူစူးကို သမီးလိုချစ်တာ၊ လေးလေးရဲ့ သမီးကိုယ်စား ချစ်တာတဲ့။ လေးလေး မှာ ပူစူးလို သမီးကလေးတစ်ယောက်ရှိ တယ်တဲ့။ လေးလေးမှာ တကယ်သမီး ကလေး ရှိသလားဟင်”
ကိုမောင်မောင်ဦးသည်  ပူစူးမ၏ မျက်နှာကို စူးစိုက်ကြည့်မိသည်။ အဖြေ ကို မပေးမိသေး။ ထိုကလေးမ၏ စကား တတ်မှုကိုပင် အပြစ်ဆိုရမလား၊ မိမိနှင့် စပ်လျဉ်း၍ ပြောပြထားလေသော မေဘယ် ကိုပင် အပြစ်တင်ရမလားမသိ။ တစ်စုံ တစ်ယောက်ကိုတော့ အပြစ်တင်ချင်နေ သည်။
အကြောင်းမူ    သည်အမေးများက ရင်ကို လှိုက်လှဲလာစေ၍၊ တမ်းဆွတ် ကြေကွဲရခြင်းကို အစဖော်ပေးခဲ့လေ၍။
ကိုမောင်မောင်ဦး၏ မျက်ဝန်းဝယ် မျက်ရည်ကြည်    ဝေ့လည်လာသည်။ လှိုက်လှဲရခြင်းသည် မျက်ရည်ကို အဖော် အဖြစ် ခေါ်လာဟန်တူသည်။
သူသည်  ပူစူးမကို  ရင်ခွင်အတွင်း ထွေးပိုက်ထားလိုက်သည်။ ဖျစ်ညှစ်ထား လိုက်သည်။ ထိုကလေးမ၏  ခေါင်းကို မျက်နှာဖြင့် အပ်ထားလိုက်သည်။ နုနယ် သော ဆံပင်နွယ်များကို ပါးဖြင့် ပွတ်နေ မိသည်။
သူ၏  အသံသည်  ကြေကွဲရခြင်း ရောစွက်လျက် ထွက်ပေါ်လာသည်။
“ကလေးရေ။  လေးလေးမှာ သမီး ကလေးရှိပါတယ်။ တကယ်ရှိပါတယ်”
“သူအခု ဘယ်မှာလဲ လေးလေး”
“သူ အခုဘယ်မှာလဲဟုတ်လား။ ဒါကို လေးလေးလည်း   သိချင်တယ်။ သိပ်      သိချင်မိတယ်ကွဲ့ သိလား”
“သူ ပျောက်သွားတာလား ဟင်”
“ဟုတ်တယ်။ လွှင့်ပစ်ခံရရှာတဲ့ ကစား စရာ အရုပ်ကလေးတစ်ရုပ်လို ပျောက် သွားတာပေါ့”
“နှမြောပါတယ်နော် လေးလေး”
“ဒါပေါ့ ကလေးရဲ့။ သိပ်နှမြောစရာ ကောင်းတာပေါ့။ ကလေးတို့ဆိုရင် ကိုယ့် ကစားစရာကလေး ပျောက်သွားတာ တောင် နှမြောသေးတာပဲ မဟုတ်လား။ လေးလေးမှာက သမီးကလေး အပျောက်ခံ ရတာပါ။ သက်ရှိ သမီးကလေးပါ”
အသံသည် တစ်စထက်တစ်စ တိမ်ဝင် လာသည်ဆိုခြင်းကို သိသည်။ လှိုက်လှဲ ကြေကွဲရမှုများကလည်း ပိုမိုပေါ်ပေါက် လာရသည်။
ပူစူးမက ကိုယ်ချင်းခွာရန် ကြိုးစား သည်။ သူလွှတ် မပေးမိ။
ပူနွေးသောမျက်ရည်တို့ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်ကို ကလေးမ မတွေ့ ရစေချင်။ မမြင်ရစေချင်။ ထို့ကြောင့် လည်း လွှတ်မပေးဘဲ ဖက်မြဲဖက်ထား မိသည်။ 
“လေးလေး သူ့ကို သိပ်ချစ်မှာပေါ့နော်” 
“သူ့ကို လိုက်ရှာပါလား လေးလေးရဲ့” 
“ဟင်”
“ပူစူးမဆိုရင်    မတွေ့တွေ့အောင် လိုက်ရှာမှာပဲ။  တလောက  အိမ်က ကြောင်ကလေးရွှေဝါ ပျောက်သွားတော့ ပူစူးမ လိုက်ရှာတာပဲ။ လမ်းထိပ်အိမ်က ပြန်တွေ့ရတာ ကြည့်ပါလား”
အသည်းနှလုံးမှာ တဆတ်ဆတ်တုန်ခါ လာသည် ထင်မိသည်။ ရင်မှာ ချက်ချင်း ပင်   ပွင့်ထွက်သွားလေတော့မလား ထင်မှတ်ရသည်။ ပူစူးမ၏ ပြောစကား သည် တစ်သက်လုံး ကလေကချေနှင့် အရာရာကို အမေ့မေ့အလျော့လျော့နေ တတ်ခဲ့လေသော  မိမိကိုယ်ကို  ရွံရှာ မုန်းတီးစိတ် ဝင်လာစေနိုင်စွမ်းရှိသည် ထင်မိ၏။
ပူစူးမက      စိတ်အိုက်လာသလို              သူ့ကိုယ်ကို ရင်ခွင်အတွင်းမှ ရုန်းထွက် သည်။ ကိုမောင်မောင်ဦးသည် ပူစူးမ၏ ဆံပင်ဖြင့် မျက်ရည်သုတ်သည်။ တစ်ပြိုင် တည်းမှာပင် ခဲခဲယဉ်းယဉ်းဖြင့် ပြုံးနိုင် အောင် ကြိုးစားရပြန်သည်။
လက်ကို   လျှော့ပေးလိုက်သည်။ ကိုယ်ချင်း ခွာပေးလိုက်သည်။
ပူစူးမ သူ့မျက်နှာကို အကဲခတ်သလို ကြည့်သည်။
မျက်ရည်ရစ်ဝဲရင်း ပြုံးနေသော အပြုံး ကို တွေ့ရသည်။ သို့ပေမဲ့ ဟန်ဆောင်ပြုံး ဖြစ်ကြောင်း နားလည်နိုင်ပုံမရ။ မျက်ရည် ဖြင့် ပြုံးတတ်သူချင်းတူပါလျက် ခံစား ချက်ချင်း ကွဲလွဲသည့်အကြောင်းကို သူ မသိ။
“ဒီနေ့ည လေးလေး ဘယ်မှမသွားနဲ့ နော်။ ဒယ်ဒီက ပူစူးတို့ကို ရုပ်ရှင်ပြမယ်လို့ ပြောတယ်။ ရုပ်ရှင်ပြီးလို့  အိမ်ပြန်လာရင် လေးလေးဖို့ ခေါက်ဆွဲဝယ်ခဲ့မယ် ဟုတ်လား။ ‌ဪ၊ လေးလေးနဲ့ ခေါက်ဆွဲနဲ့ တည့်ပါ့ မလားဟင်”
“ကိစ္စမရှိပါဘူး ကလေးရဲ့။ မတည့်တဲ့ တိုင် ကလေးဝယ်လာတာကို လေးလေး စားပါ့မယ်”
ပူစူးမသည် သူ့တွင် ပြောစရာကုန် သွားသလို စကားဖြတ်သည်။
“ပူစူး အပြင်သွားတော့မယ်နော်”
ကိုမောင်မောင်ဦး ခေါင်းညိတ်ပြလိုက် သည်။ သူ့ထံပါးမှ ထွက်သွားသော ပူစူးမ ၏ ကျောပြင်ကို စိုက်ကြည့်ရင်း ကျန်ရစ် သည်။
ပြင်ပတွင် မိုးသည်းထန်ဆဲဖြစ်သည်။
ထိုနေ့ညက ပူစူးမတို့ ရုပ်ရှင်သွားဖြစ် ကြသည်။ ပူစူးမသည် ကတိအတိုင်း ရုပ်ရှင်မှအပြန်တွင် ကိုမောင်မောင်ဦး အတွက် ခေါက်ဆွဲဝယ်လာသည်။
ဆက်လက်ဖော်ပြပါမည်။