ပဲခူး ဇွန် ၈

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု အများပြည်သူစေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပဲခူးမြို့၊ သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် ဓာတ်လှေကားတည်ဆောက် တပ်ဆင်နေမှုမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါဓာတ်လှေကား တည်ဆောက်တပ်ဆင်ရန်အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဟင်္သာကုန်းစေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယဆရာတော်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သည့် ဝန်ကြီးများမှ ပန္နက်တော်တင်မင်္ဂလာ ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းနေ့မှစတင်၍ ဓာတ်လှေကားတပ်ဆင် တည်ဆောက်မည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၃)၊ ပဲခူးတိုင်းဒေသကြီးမှ တာဝန်ရှိသူများက အသေးစိတ် တိုင်းတာတွက်ချက်မှုများပြုလုပ် တည်ဆောက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် တည်ဆောက်တပ်ဆင်ထားသည့် ဓာတ်လှေကားမှာ စေတီတော်မြတ်ကြီး၏ တောင်ဖက်မုခ်‌ စောင်းတန်းအောက်ခြေအနီးမှ စေတီတော်ရင်ပြင်အထိ အလျား(၇၇)ပေ၊ အမြင့်(၇၃)ပေခွဲ၊ လျောက်လမ်းအကျယ် (၈ ဒသမ ၅)ပေရှိ လူ(၁၂)ယောက် အတက်/အဆင်း စီးနိုင်သော ဓာတ်လှေကားဖြစ်သည့်အပြင် ထူးခြားချက် (၂)ခုရှိပါ‌ပြီး ဓါတ်လှေခါး၏ ထူးခြားချက်နှစ်ခုအနက် တစ်ခုမှာ ကျန်းမာရေးချို့တဲ့သော ဘိုး/ဘွားများကို (Whell Chair) (ဘီးတပ်ကုလားထိုင်)ဖြင့် သယ်ဆောင်ပေးနိုင်ခြင်းနှင့် အခြားတစ်ခုမှာ (Emergency Door) (အရေးပေါ်ထွက်ပေါက်တံခါး) ပါဝင်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

 

ဓာတ်လှေကား တည်ဆောက်တပ်ဆင်မှုမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သောကြောင့် မကြာမီရက်ပိုင်းအတွင်းတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပြီး ဖွင့်လှစ်ပြီးပါက သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်း‌စေတီတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများအနေဖြင့် စောင်းတန်းလှေကားမှ အတက်/အဆင်းပြုလုပ် ဖူးမြော်နိုင်သည့်အပြင် ဓာတ်လှေကားဖြင့်လည်း စိတ်အေးချမ်းသာစွာ သက်တောင့်သက်သာစွာဖြင့်  အတက်/အဆင်းပြုလုပ် ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)