တီဟီရန် ဇွန် ၈
ဇွန် ၈ ရက်အစောပိုင်းက အီရန်နိုင်ငံ၌ ရထားလမ်းချော်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ကျန် ၅၀ ဒဏ်ရာရခဲ့ကြောင်း အီရန်ကျောင်းသားများ သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ ရထားသည် ယနေ့ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က နိုင်ငံ၏ အရှေ့ဘက်တာဘားစ်မြို့မှ နိုင်ငံ၏ အလယ်ပိုင်းယာ့ဇ်ပြည်နယ်သို့ ဦးတည်ထွက်ခွာနေစဉ် မတော်တဆမှုနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်း အီရန်လခြမ်းကွေးကူညီကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲမယ်ဒီဗော်လီဖေါ၏ ပြောကြားချက်ကို သတင်းအေဂျင်စီက ကိုးကားဖော်ပြထားသည်။
တာဘားစ်မြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာတွင် ရထားလမ်းချော်မှုဖြစ်ပွားခဲ့ခြင်းဖြစ်၍ ကူညီကယ်ဆယ်ရေး အဖွဲ့နှစ်ဖွဲ့ကို လူနာတင်ယာဉ်များနှင့် ရဟတ်ယာဉ်များနှင့်အတူ အခင်းဖြစ်ပွားသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သတင်းအေဂျင်စီက ထပ်မံဖော်ပြထားသည်။
ရထားတိမ်းမှောက်မှု ဖြစ်ပွားစဉ် ရထားပေါ်တွင် လူ ၄၃၀ ခန့် လိုက်ပါပြီး ယင်းတို့အနက် ၅၀ ခန့်ဒဏ်ရာရရှိကာ ဒဏ်ရာရသူများအနက် ၁၆ ဦးသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ