မော်လမြိုင် ဇွန် ၉
မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/ ၂၀၂၂)ကို ဇွန် ၉ ရက် နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက “မွန်ပြည်နယ်တွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် ခရီးစဉ်ဒေသများ ရှိသည့်အပြင် စိတ်ဝင်စားဖွယ် ရှေးဟောင်းသာသနိက အဆောက်အအုံများ၊ သာယာလှပသည့် ကမ်းခြေများ၊ ထင်ရှားသည့် ဘုရားစေတီများနှင့် ဘုရားပွဲတော်များ ရှိသည့်အတွက် ခရီးသွားလုပ်ငန်း တိုးတက်လာစေရန် စည်းစနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင် ဟိုတယ်များတွင် ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချစွာ တည်းခိုနိုင်ရေး စီမံထားရန် လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာသည့်နှင့်အမျှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်၍ ဆက် စပ်ဌာနများမှ အလေးထား ဆောင်ရွက်ရန်” ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ဟိုတယ်လုပ်ငန်း လိုင်စင် သက်တမ်းတိုး တင်ပြလျှောက်ထားမှုများ၊ ဟိုတယ်လုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် တင်ပြချက်များနှင့် စပ်လျဉ်း၍ စိစစ်တွေ့ရှိချက်များ၊ သတ်မှတ် စည်းကမ်းချက်များနှင့် ကိုက်ညီမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အကြံပြု ဆွေးနွေးကြသည်။
အဆိုပါ တင်ပြဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)