နေပြည်တော် ဇွန် ၉
ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန် ၉ ရက်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ရုံးအမှတ်(၄၅) အနီး၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် တက်ရောက်၍ အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်၏ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး တို့သည် တာဝန်ရှိသူများနှင့်အတူ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စိုက်ပျိုးထားသော အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် တစ်ရှူးငှက်ပျော စိုက်ခင်းကို လှည့်လည်ကြည့်ရှုသည်။ ယနေ့ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာန ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင်၊ မဟော်ဂနီပင်၊ ပိတောက်ပင်၊ သင်းဝင်ပင်၊ ခရေပင်၊ အရိပ်ရလေကာ မန်ဂျန်ရှားပင် စုစုပေါင်း အပင် ၁၁၂၀ စိုက်ပျိုး ခဲ့ကြသည်။ ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် ဒေသအနှံ့ ရုံးဌာနအားလုံးတွင် ယနေ့အထိ ရတနာတန်းဝင်ပင်များ၊ အရိပ်ရလေကာပင်များ၊ သီးပင်စားပင်များ စုစုပေါင်း ၄၂၀၉၉ ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်