နေပြည်တော်        ဇွန်        ၉

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ဇွန် ၉ ရက် နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ ဇေယျဌာနီ(၂)လမ်းရှိ ဝန်ကြီးဌာနပရဝဏ်တွင် ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရတနာတန်းဝင် ကျွန်းပင်များကို သတ်မှတ်နေရာများတွင် ဦးဆောင်စိုက်ပျိုးပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာ အသီးသီးတွင် အမြင့် နှစ်ပေနှင့် အထက်ရှိသော နှစ်ရှည်ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။

 

ယမန်နှစ်မိုးရာသီတွင် စိုက်ပျိုးခဲ့သော ကျွန်း၊ ပျဉ်းကတိုး နှစ်ရှည်ပင်များ ရှင်သန်မှုမှာ ၇၇ ရာခိုင်နှုန်း ကျော်ရှိပြီး ယခုနှစ်စိုက်ပျိုးမှုအဖြစ် ကျွန်းပင် ၃၀၀၊ ပျဉ်းမအပင် ၅၀၊ ပိတောက်ပင် ၅၀၊ ငုဝါပင် ၅၀၊ စိန်ပန်းပင် ၅၀ စုစုပေါင်း နှစ်ရှည်ပင် ၅၀၀ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို အဆိုပါ ရုံးအမှတ်(၂၃) ပရဝဏ်အတွင်းရှိ မင်္ဂလာကန်၌ ကျင်းပရာ  ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ငါးကြင်းသားပေါက်များကို  ငါးမျိုးစိုက်ထည့်ပေးကြပြီး ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မင်္ဂလာကန်အတွင်းသို့ ငါးကြင်းသားပေါက် ကောင်ရေ ၅၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်