ရန်ကုန် ဇွန် ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ဇွန် ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများနှင့် မင်္ဂလာဒုံစက်မှုဇုန်ရှိ CMP အထည်ချုပ်စက်ရုံများဖြစ်သည့် Tarh Shin၊ Famoso Clothing၊ Myanmar Postarion စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းခွင်အတွင်း စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးအား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံတာဝန်ခံများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးမှုများ စနစ်တကျ ဆောင်ရွက်ထားမှု၊ ကျန်းမာရေးကော်မတီ ဖွဲ့စည်းထားပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ စက်ရုံရှိ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆ ထိခိုက်မှု နှင့် လုပ်ငန်းခွင်ရောဂါ ရရှိခံစားမှု လျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်ကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၂၂ ခုနှစ် မေလထိ ဖွဲ့စည်းထားသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ ၁၂၈၈ ခုရှိပြီး လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရေး ဦးစီးဌာနမှ လုပ်ငန်းခွင် ပတ်ဝန်းကျင် အခြေအနေ တိုင်းတာ အကဲဖြတ်ခြင်းကို ၈၈၅ ကြိမ်ထိ တိုင်းတာပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်