ထားဝယ် ဇွန် ၉
တိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးတိုးတက်ရေး “အစား အစာချက်ပြုတ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (ထားဝယ်)၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ အသက် မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ “အစားအစာချက်ပြုတ်သင်တန်း” ကို ဖွင့်လှစ်ပေး ခြင်းဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ “အစားအစာ ချက်ပြုတ်သင်တန်း”အပြင် မုန့်ဖုတ်သင်တန်းနှင့် လက်မှုပညာသင်တန်းများ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေး ဖြည့်ဆည်းပံ့ပိုး ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွားကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းပညာဖွံ့ဖြိုးတိုးတက်ရေး “အစား အစာချက်ပြုတ်သင်တန်း”ကို ဇွန် (၉)ရက်မှ ဇူလိုင် (၈)ရက်အထိ တစ်လတာ သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)